နိုဝင်ဘာ ၆ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဖန်တောင် အတွင်းရှိ ပေါင်းအိုး၊ဒယ်အိုး အောက်ခံကွိုင်စက်ရုံတွင်အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၂၄ ဦးအား စက်ရုံဘက်မှ အကြောင်းပြချက်မရှိပဲ အလုပ်ထုတ်ခဲ့သည့်အတွက် ယနေ့တွင် ကူညီမှုပေးခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
“ဒီအလုပ်သမားတွေကိုတော့ မြို့နယ်ဆာဝါဒီကန်(အလုပ်သမားရုံး)ကို သွားရောက်တိုင်ကြားထားတယ်။ သူတို့က ငါးသန်း(ကုမ္ပဏီ)တွေနဲ့ဖြစ်ကြတာဗျာ။ စက်ရုံကတော့ ထုတ်လိုက်ပြီ ချွန်ပူရီဘက်က ငါးသန်းတွေနဲ့ဖြစ်နေတာဆိုတော့ အခုတော့ ငါးသန်းကိုတိုင်ထားတယ်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
မြန်မာ အလုပ်သမား ၂၄ ဦး(ကျား၁၂ ဦး၊မ ၁၂ ဦး)အား ယခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စက်ရုံမှ အေဂျင်စီနှင့် စာချုပ်ရပ်ဆိုင်းသည်ဟုဆိုကာ အလုပ်ထုတ်ခဲ့ကြောင်း သိရသည်။
အလုပ်သမားများသည် ၄င်းစက်ရုံတွင် အလုပ်လုပ်ရန်အတွက် ချွန်ပူလီမြို့၊ဘောဝင်းတွင်းရှိ ဘတ်ငါးသန်းကုမ္ပဏီ ပွဲစားနှင့် အလုပ်ဝင်ခ စမတ်ကြေး ၈,၀၀၀ ဘတ်နှင့် သူဌေးသစ်ပြောင်း ကျန့်ခေါက်ခ ၄,၅၀၀ ဘတ်ပေး၍ အလုပ်ဝင်ခဲ့သူများဖြစ်ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

