ပိတ်သိမ်းစက်ရုံတချို့ နာမည်ပြောင်းပြီး ပြန်ဖွင့်နေ

ပိတ်သိမ်းစက်ရုံတချို့ နာမည်ပြောင်းပြီး ပြန်ဖွင့်နေ

အရုဏ်ဦး
မေ ၂၉ ရက်၊ Migrant Times
  • ရန်ကုန်မြို့က ပိတ်သိမ်းလိုက်တဲ့စက်ရုံတချို့ကိုနာမည်ပြောင်းပြီး ပြန်ဖွင့်လာကြသလို လုပ်သားခေါ်ယူတာတွေအနည်းငယ်ပြန်တက်လာတယ်လို့ အလုပ်သမားအဖွဲ့တွေဆီကသိရပါတယ်။အော်ဒါနည်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်သိမ်းခဲ့တဲ့စက်ရုံတချို့ဟာ မူလမြေနေရာမှာပဲ နာမည်အသစ်နဲ့ပြန်လည်ဖွင့်လှစ်ပြီး လုပ်သားအင်အားဖြည့်တာတွေရှိလာတာလို့ ဆိုပါတယ်။” အရင်လူဟောင်းတွေပြန်ခေါ်တာလည်းရှိတယ်။အများစုကတော့လူသစ်တွေပြန်စုတာတွေ့ရတယ်။ပိတ်ပြီးပြန်ဖွင့်တဲ့စက်ရုံ သုံရုံလောက်ရှိတယ်” လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်း ရန်ကုန်မြို့မှာ ပိတ်သိမ်းခဲ့တဲ့စက်ရုံ ၁၀ရုံနီးပါးရှိခဲ့ပြီး အများစုက နိုင်ငံခြားသားပိုင်စက်ရုံတွေဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂတွေကဆိုပါတယ်။
  • ပိတ်သိမ်းတဲ့စက်ရုံအများစုက အထည်အော်ဒါနည်းနေချိန် အလုပ်သမားတွေကိုလစာပေးထားဖို့ခက်တာကြောင့် ယာယီသဘောရပ်နားတာတွေရှိသလို စက်ရုံအတွင်းသမဂ္ဂတွေကို လက်မခံလိုတဲ့အတွက်အပိတ်ပြပြီး လူသစ်တွေနဲ့ဆက်လည်ပတ်နေတာလို့လည်းသူတို့ကပြောပါတယ်။” အခုကပြန်ဖွင့်တဲ့ရုံတွေကရော၊ ရုံဟောင်းတွေကပါလူထပ်ဖြည့်တာတွေခပ်စိပ်စိပ်တွေ့လာရတယ်။လက်ရှိလုပ်အားခ စျေးချိုတဲ့အတွက် လုပ်ငန်းတွေချဲ့လာကြတာလို့ထင်တယ်” လို့ ရွှေပြည်သာမြို့နယ်မှအလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။စက်ရုံတွေအနေနဲ့ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်နဲ့အလုပ်သမားတွေကိုစျေးပေါပေါပေးကာ စေခိုင်းနေကြတာဖြစ်ပြီး အလုပ်သမားတွေကတော့ လုပ်ခတိုးပေးဖို့တောင်းဆိုနေကြပါတယ်။ဒါပေမဲ့ တရားဝင်လုပ်ခနှုန်းထားအသစ်ကို အစိုးရကထုတ်ပြန်တာမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့အလုပ်ရှင်တွေက လုပ်အားခတိုးပေးဖို့ငြင်းဆန်နေတယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်