September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၀၀နီးပါးရှိလာပြီး တဝက်လောက်က လုပ်သားမပို့နိုင်

နိုဝင်ဘာ ၁၉ရက်၊အရုဏ်ဦး
ပြည်ပအလုပ်အကိုင်အေဂျင်စီအရေအတွက်မှာ ၅၉၈ ခုအထိရှိလာပြီး တစ်ဝက်လောက်က အလုပ်သမားပုံမှန်မပို့နိုင်ကြဘူးလို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းဆီက သိရပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ်ဖွင့်လှစ်လုပ်ကိုင်တာတွေမှာ ဒီဖက်နှစ်ပိုင်းအတွင်းတရှိန်ထိုးများလာပေမယ့် ပြည်ပအလုပ်အကိုင်စျေးကွက်ကတော့ သိသိသာသာတိုးမလာဘူးလို့ ဆိုပါတယ်။
“အဆက်အသွယ်၊အချိတ်အဆက်များတဲ့အေဂျင်စီဟောင်းတွေတောင် ဒီကာလမှာ မနည်းရုန်းကန်နေရတာ။တစ်လအတွင်းအလုပ်သမားတစ်ယောက်မှမပို့နိူင်တဲ့အေဂျင်စီတွေတောင်ရှိတယ်”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ်ဖွင့်လှစ်မှုအနေနဲ့ နိုဝင်ဘာလဝက်အတွင်း ၂ခုတိုးလာပြီး အောက်တိုဘာလက ၁၀တိုးလာတာဖြစ်ပါတယ်။
အဲဒီအေဂျင်စီတွေမှာ ထိုင်းနိုင်ငံကိုအဓိကထားလုပ်သားစေလွှတ်ပေးနေပြီး ဂျပန်၊စင်ကာပူနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီလည်း ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။
“မလေးရှားက ပိတ်ထားတော့ လုပ်ရတာကျပ်သွားတယ်။ထိုင်းစျေးကွက်မှာ သွားစုနေရတဲ့သဘောဖြစ်နေတယ်။လာအိုလို အလုပ်သမားစျေးကွက်အသစ်တွေပေါ်လာပေမယ့် သိပ်ပြီးအလုပ်မဖြစ်သေးဘူး”လို့ အေဂျင်စီလုပ်ငန်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဲဒီအေဂျင်စီတွေကတဆင့် လစဥ်ပြည်ပကိုအလုပ်သမား ၁၀၀၀၀ နီးပါးစေလွှတ်နေတယ်လို့လည်း မှတ်တမ်းတွေအရသိရပါတယ်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့အလုပ်သမားညွန်ကြားရေးဦးစီးဌာနဆီလစဥ်စေလွှတ်တဲ့အလုပ်သမားစာရင်းပေးပို့နေရပြီး စာရင်းပေးဖို့ပျက်ကွက်တဲ့ အေဂျင်စီတွေကိုအရေးယူနေတာရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *