အွန်လိုင်းက ထိုင်းစကားသင်သည့် မြန်မာဆရာမကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ စမွတ်စခွန်မြို့နယ်တွင် အွန်လိုင်းမှ ထိုင်းဘာသာစကားသင်နေသည့် မြန်မာဆရာမတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း စမွတ်စခွန် လူဝင်မှုကြီးကြပ်ရေး ဌာန မှထုတ်ပြန်သည်။
နိုင်ငံခြားသားတစ်ဦးက Facebook နှင့် Zoom မှတဆင့် အွန်လိုင်းတွင် ထိုင်းဘာသာ သင်ကြားနေကြောင်း စုံစမ်းတွေ့ရှိခဲ့ပြီး စစ်ဆေး ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
နိုင်ငံခြားသူ (မြန်မာဆရာမ) ၏ Facebook စာမျက်နှာတွင် နောက်လိုက် (followers) ၁၂၇,ဝဝဝ ရှိကြောင်း သိရသည်။
၎င်းဆရာမသည် Zoom အွန်လိုင်းမှ တဆင့် အဖွဲ့လိုက် ထိုင်းဘာသာစကား သင်ပေးနေသူဖြစ်ပြီး စုစုပေါင်းနှစ်လအကြာ ၈ နာရီစာ သင်တန်းအတွက် သင်တန်းကြေး တစ်ဦးလျှင် ဘတ် ၁,၅ဝဝ ဖြင့် သင်ကြားခဲ့ကြောင်း သိရသည်။
စမွတ်စခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က သူမ၏ စာရွက်စာတမ်းများကို စစ်ဆေးရာ အလုပ်သမားအဖြစ် အလုပ်လုပ်ခွင့်ကိုသာ ခွင့်ပြုထားပြီး၊ သင်ကြားပို့ချခွင့် လုံးဝမရှိသည်ကိုတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်သည်။
ထို့ကြောင့် သူမအား “ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ (သို့မဟုတ်) ခွင့်ပြုချက် ပြင်ပအလုပ်ကို လုပ်ဆောင်ခြင်း” ပုဒ်မဖြင့် စွပ်စွဲခဲ့သည်။
သူမအား တရားစွဲဆိုရန် စုံစမ်းစစ်ဆေးရေးအရာရှိထံ ပို့ဆောင်ကာ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်ကိုလည်း ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
နိုင်ငံခြားသားများ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ပါက ဘတ် ၅,ဝဝဝ မှ ဘတ် ၅ဝ,ဝဝဝ အထိ ဒဏ်ငွေချမှတ်နိုင်ပြီး ပုဒ်မ ၁ဝ၁ အရ ထိုနိုင်ငံခြားသားကို အမြန်ဆုံး နိုင်ငံပြင်ပသို့ နှင်ထုတ်ရမည်ဟု စမွတ်စခွန်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး ကထုတ်ပြန်သည်။
Ref /Photo – kakabkao