ဘန်ကောက် ပြိုကျအဆောက်အအုံတွင် သေဆုံးမြန်မာများ လျော်ကြေးရဖို့ အထောက်အထားလိုနေ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချာတူချတ် ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့ နံနက်အထိ သေဆုံးသူ ၄၇ ဦး၏ ရုပ်အလောင်းများရရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဘန်ကောက်မြို့ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ရာတွင် စုစုပေါင်း လူ ၁ဝ၃ ဦး ထိခိုက်ခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) ကထုတ်ပြန်ခဲ့သည်။

၎င်းတို့အနက် ဧပြီလ ၁၉ ရက်နေ့ထိ ၄၇ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၅၇ ဦး မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

သေဆုံးသူ ၄၇ ဦး၏ ရုပ်အလောင်းများအနက် မြန်မာလူမျိုး ဘယ်နှစ်ဦးပါသည်ကို တိတိကျကျ အတည်မပြုနိုင်သေးဘဲ လျော်ကြေးရရှိဖို့ အထောက်အထား အခက်အခဲရှိကြောင်း WAG Myanmar အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောကြားသည်။

“ လျော်ကြေးရရှိဖို့ ကသံရုံးကို ချက်လက်ပို့ရမယ်ကြားတယ်၊ မိသားစုဝင်တွေ ထိုင်းလာဖို့က ဗီဇာကိစ္စ ပတ်ပို့စ်ကိစ္စတွေ နည်းနည်းရူပ်ထွေးနေတာဖြစ်နေတယ် ရုံးပိတ်ထားတော့” ဟုဌင်းကပြောသည်။

ထိုင်းအစိုးရဘက်မှ အဆောက်အအုံပြိုကျမှုတွင် မြန်မာအလုပ်သမား ၃၄ ဦးသေဆုံးကြောင်း ကနဦးပြောကြားထားသော်လည်း မျိုးရိုး ဗီဇ DNA စစ်ဆေးထားသူ ၂ဝ ဦးခန့်သာရှိကြောင်း သူကဆက်ပြောသည်။

ထိုင်းသတင်းများအရ သေဆုံးသူ တစ်ဦးအတွက် ဘန်ကောက်ခရိုင်ရုံးက ဘတ်တစ်သိန်း ၊ ပကန်စခွန် လူမူဖူလုံရေးရုံးက ဘတ် တစ်သန်းထိ လျော်ကြေားပေးမည်ဟု သိရသည်။

သို့သော်လည်း လျော်ကြေးရရှိမည့် ပမာဏ ကိုအတိအကျ မသိရသေးကြောင်း မြန်မာအလုပ်သမား အရေးကူညီသူများက Migrant Times ကိုပြောသည်။

သေဆုံးသူများ ၏ ရုပ်အလောင်းများအနက် ၃၃ ဦးအား စစ်ဆေးကြည့်ရာ ထိုင်းလူမျိုး ၂၂ ဦး ၊ မြန်မာနိုင်ငံသား ၁ဝ ဦးနှင့် တစ်ဦးမှာ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ဗဟိုမှုခင်းသိပ္ပံအဖွဲ့က ဧပြီလ ၁၇ ရက်တွင်ထုတ်ပြန်သည်။

အလောင်း သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်း ၄၁ ခု၊ လူ့အကြွင်းအကျန် ၉၆ ခုကို လက်ခံရရှိထားကာ ပျောက်ဆုံးနေသူများ၏ ဆွေမျိုး ၉၇ ဦးထံမှ DNA နမူနာများကိုလည်း နှိုင်းယှဉ်ရန် စုဆောင်းထားကြောင်း ဗဟိုမှုခင်းသိပ္ပံအဖွဲ့ကပြောသည်။

အချို့အလောင်းများသည် ဆွေးမြေ့ပြီး အစိတ်စိတ်အမွှာမွှာဖြစ်နေခြင်းကြောင့် စစ်ဆေးအတည်ပြုသည့် လုပ်ငန်းစဉ်မှာ ပိုမိုကြာမြင့်နိုင်ကြောင်း၊ အရိုးများမှ DNA ထုတ်ယူရန် လိုအပ်ကြောင်း ဗဟိုမှုခင်းသိပ္ပံအဖွဲ့ကထုတ်ပြန်သည်။

Photo – Fire & Rescue Thailand
ဧပြီလ ၁၈ ရက်နေ့တွင် ရှာဖွေရေးပြုလပ်နေသည့် ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့။

Similar Posts