ချင်းမိုင်ရှိ တရုတ်စားသောက်ဆိုင်တွင် မြန်မာ အလုပ်သမား ၇ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့လယ်ရှိ တရုတ်စားသောက်ဆိုင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၇ ဦးကို ဧပြီလ ၁၈ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့မှထုတ်ပြန်သည်။
အလုပ်သမား ၇ ဦးကို ဖမ်းဆီးခဲ့ပြီး စားသောက်ဆိုင်၏ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များအား ဆက်လက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဌင်းဆိုင်သည် ထိုင်းနိုင်ငံသားများကို သူဌေးအမည်ခံကာ အသုံးပြုခြင်း ရှိမရှိကိုလည်း စစ်ဆေးသွားမည်ဟုဆိုသည်။
အဆိုပါဆိုင်သည် တရုတ်ခရီးသွားများကိုသာ ဦးစားပေးဝန်ဆောင်မှုပေးပြီး တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ အသုံးပြုနေသည်ဟု သတင်းရရှိခြင်းကြောင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြန်မာနိုင်ငံသား အလုပ်သမား ၇ ဦးကို တွေ့ရှိရပြီး အလုပ်လုပ်ခွင့်လိုင်စင်များမှာ တရားဝင်မဟုတ်ကြောင်း၊ ဆိုင်လိုင်စင်နှင့် အခြားလိုင်စင်များကို ထိုင်းနိုင်ငံသားအမည်ဖြင့် လျှောက်ထားထားသော်လည်း ငွေပေးချေမှုအတွက် QR ကုဒ်တွင် တရုတ်နိုင်ငံသားအမည်ဖြင့် ငွေလက်ခံရရှိနေသည်ကို တွေ့ရှိရကြောင်း ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့ကပြောသည်။
တရုတ်စားသောက်ဆိုင်မှ သံသယရှိသူများအားလုံးကို ချင်းမိုင်မြို့ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူခဲ့ပြီး ဆိုင်နောက်ကွယ်မှ ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများကို နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo – PR Chiangmai
Migrant Times သည် ပြည်တွင်း၊ပြည်ပရှိ အလုပ်သမားရေးရာ သတင်းများအား တင်ဆက်ပေးနေသည့် သတင်းဌာနဖြစ်သည်။ ကူးယူဖော်ပြလိုပါက မူရင်းအတိုင်း ဖော်ပြရန် တောင်းဆိုအပ်သည်။