ဘန်ကောက်ရှိ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသည့် မြန်မာနှစ်ဦးကို သင်္ဂြိုဟ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူချက်စျေးအနီးရှိ စာရင်စစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား နှစ်ဦးကို သင်္ဂြိုဟ်ခဲ့ကြောင်း WAG Myanmar အဖွဲ့မှသိရသည်။
မတ်လ ၂၇ ရက်နေ့က ငလျင်လှုပ်ခတ်မှုကြောင့် စာရင်စစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး မြန်မာအလုပ်သမားများ အပါအဝင် ၁ဝ၃ ဦးပျောက်ဆုံးခဲ့ကြောင်း ထိုင်းမီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။
အဆောက်အအုံပြိုကျမှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမား ကိုသိန်းစုနှင့် ကိုသန့်ဇော်ဦးတို့၏ ရုပ်အလောင်းများကို ဧပြီလ ၂၂ ရက်နေ့၌ မိသားစုဝင်များနှင့်အတူ ပတိုနန်းမြို့ရှိ ဘုန်းကြီးကျောင်း၌ သင်္ဂြိုဟ်ခဲ့ကြောင်း WAG Myanmar အဖွဲ့က ထုတ်ပြန်သည်။
အဆောက်အအုံပြိုကျမှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ ကျန်ရှိမိသားစုဝင်များ လျော်ကြေးရရှိရေးအတွက် အခက်အခဲအချို့ရှိနေကြောင်း WAG Myanmar အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောကြားသည်။
“ မနေ့ ကမိသားစုဝင်တွေနဲ့ သင်္ဂြိုဟ်လိုက်တယ် ၊ ဒါပေမယ့် မြန်မာပြည်က တက်လာမယ့်သူတွေကို စာရွက်စာတမ်းလုပ်ဖို့ကိစ္စ နည်းနည်းခက်ခဲဖြစ်နေတယ်၊ သံရုံးထောက်ခံမှုတွေလိုနေတယ်၊လျော်ကြေးပိုင်းကိုတော့ နည်းနည်းလေးစောင့်စိုင်းနေရတယ်” ဟုကိုမုန်တိုင်းကပြောသည်။
ထိုင်း-မြန်မာ ဘာသာပြန်/ စကားပြန်များအသင်း (TMIA) ဝင်တစ်ဦးကလည်း မြန်မာအလုပ်သမား နှစ် ဦး၏ ရုပ်အလောင်းများ ထုတ်ယူကာ ဘုန်းတော်ကြီးကျောင်းတွင် သင်္ဂြိုဟ်ပေးခဲ့ကြောင်း ဧပြီလ ၁၈ ရက်နေ့က Migrant Times ကိုပြောကြားခဲ့သည်။
ဧပြီလ ၂၂ ရက်နေ့အထိ မြန်မာအလုပ်သမား ၄ ဦး၏ ရုပ်အလောင်းများ သင်္ဂြိုဟ်ပြီး ဖြစ်ပြီးကျန်ရှိ မြန်မာအလုပ်သမား များ၏ ရုပ်အလောင်းများအား မျိုးရိုးဗီဇစစ်ဆေးခြင်း DNA ထုတ်ယူခြင်းပြီးစီးပါက ဆက်လက်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မြန်မာအလုပ်သမား အရေးကူညီသူများကပြောကြားသည်။
အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ တစ်ဦးအတွက် DNA မှန်ကန်သည့် မိသားစုဝင်များကို ဘန်ကောက်ခရိုင်ရုံးက ဘတ်တစ်သိန်း ၊ ပကန်စခွန် လူမူဖူလုံရေးရုံးက ဘတ် တစ်သန်းထိ လျော်ကြေးပေးမည်ဟု မြန်မာအလုပ်သမား အရေးကူညီသူများက Migrant Times ကိုပြောသည်။
ထိုင်းမီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့၏ ဧပြီလ ၂၂ ရက်နေ့စာရင်းအရ စာရင်စစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံး နေသူ ၁ဝ၃ ဦးအနက် သေဆုံးသူ ၅၁ ဦး၏ ရုပ်အလောင်းများ တွေ့ရှိထားသည်။
ပြိုကျအဆောက်အအုံ ဇုန်များ အတွင်း ပျောက်ဆုံးသူ ၄၃ ဦးခန့်ကျန်ရှိနိုင်ပြီး ၉ ဦးကိုဆေးရုံပို့ဆောင်ထားကြောင်း ကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်သည်။
Photo – WAG