ဘန်ကောက်တွင် ရဲအယောင်ဆောင်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအား ငွေညစ်သူကိုဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ချာရွန်ကရုန်း ရပ်ကွက်ရှိ လူကြိုက်များသော ခရီးသွားစခန်း Asiatique the Riverfront တွင် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ အလုပ်ရှင်များထံမှ ငွေညှစ်ယူခဲ့သော ရဲအရာရှိအယောင်ဆောင် ထိုင်းလူမျိုးတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ရဲအရာရှိ အယောင်ဆောင် ထားသူသည် ထိုဧရိယာရှိ စားသောက်ဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား မကြာခဏ စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် လုပ်ငန်းရှင်များက ဝတ်ဖရာယာကရိုင် ရဲစခန်း အရာရှိများထံ တိုင်ကြားခဲ့သည်။
တိုင်ကြားသူများ၏ ထွက်ဆိုချက်အရ ရဲအရာရှိဟု ပြောဆိုနေသော ထိုင်းလူမျိုးတစ်ဦးသည် စားသောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများသို့ သွားရောက်ကာ မြန်မာ၊ ကမ္ဘောဒီးယား၊ နှင့် လာအိုနိုင်ငံမှ အလုပ်သမားများအား ငွေညစ်ခဲ့သည်။
အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၅,ဝဝဝ ခန့် တောင်းဆိုပြီး ငွေမပေးပါက ရဲစခန်းသို့ ခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ အချို့သော လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် သူ၏ တောင်းဆိုမှုများကို လိုက်လျောခဲ့သော်လည်း ထပ်ခါထပ်ခါ လာရောက်မှုအား သံသယဖြစ်စေခဲ့ကြောင်း တိုင်ကြားသူများကပြောသည်။
ရွှေ့ပြောင်းလုပ်သားတစ်ဦးနှင့် စကားပြောပြီး ငွေညှစ်ရန် ကြိုးစားနေချိန်တွင် အရာရှိများ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ရဲအယောင်ဆောင်သည် မဟာနခရဘားလ်ရဲတပ်ဖွဲ့၊ ဒေသ ၇ တွင် တာဝန်ထမ်းဆောင်နေကြောင်း ဖော်ပြထားသည့် ရဲအရာရှိ စိစစ်ရေးကတ်ပြားကို ကိုင်ဆောင်ထားကြောင်း သိရသည်။
ဂျက်ကာပေါင်းဟုအမည်ရသည့် ရဲအယောင်ဆောင်သည် ရဲအရာရှိ မဟုတ်ကြောင်း နောက်ဆုံးတွင် ဝန်ခံခဲ့ပြီး ရဲအရာရှိ စိစစ်ရေးကတ်ကို အတုလုပ်ခဲ့ကာ Asiatique ရှိ ရွှေ့ပြောင်းလုပ်သားများကို ငွေညှစ်ခြင်းဖြင့် အသက်မွေးခဲ့ကြောင်း ဝန်ခံခဲ့သည်။
ရဲအယောင်ဆောင်သည် မက်သ်အမ်ဖီတမင်း မူးယစ်ဆေးဝါးကိုသုံးစွဲခဲ့ကြောင်းဝန်ခံထားပြီး
အစိုးရအရာရှိအယောင်ဆောင်ခြင်း (သို့မဟုတ်) ခွင့်ပြုချက်မရှိဘဲ တရားဝင်တာဝန်များကို ထမ်းဆောင်ခြင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အက်ဥပဒေ များဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။
Ref/Photo – Thaiger