“ သမိုင်း ပျောက်ဆုံးခြင်း”

မြန်မာ့ အမွေအနှစ်များ ငလျင်၏ သားကောင်ဖြစ်ခဲ့ရ ။
ဧပြီ ၃ဝ ၊ Migrant Times ။
ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ငလျင်ကြောင့် ရာစုနှစ်များစွာ တည်ရှိခဲ့သည့် သမိုင်းဝင် အထိမ်းအမှတ်များ ပြိုကျခဲ့သည်။
ထိုအထဲတွင် ကြီးမားသော ဗုဒ္ဓဆင်းတုတော်များ၊ ကောင်းကင်ကိုထိုးထွင်းမည့်ဟန် စေတီတော်များနှင့် အသက် ၈၃ နှစ်အရွယ် ဒေါ်ခင်စိန် ဘဝတစ်လျှောက်လုံး ဆုတောင်းခဲ့သော ဘုရားစေတီတော်များ ပါဝင်ခဲ့သည်။
ရစ်(ချ်)တာ စကေး ၇.၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးမြို့ရှိ နဂါရုံစေတီတော် ပြိုကျခဲ့သည်။
မန္တလေးသည် မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းနေပြည်တော်ဖြစ်ကာ လူပေါင်း ၃,၇ဝဝ ကျော် သေဆုံးခဲ့သည့် ဘေးအန္တရာယ်တွင် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့သည်။
နဂါရုံဗိမာန်တော်ကို မြတ်စွာဘုရားက ဉာဏ်အလင်းရရှိပြီးနောက် ရန်အပေါင်းမှ နှစ်ပေါင်း ၂ဝဝ ခန့်တိုင်အောင် အကာအကွယ်ပေးသည်ဟု ဆိုထားသော မြွေရုပ်ဖြင့် တန်ဆာဆင်ထားသည်။
လွန်ခဲ့သည့်တစ်လ (မတ်လ၂၈)က လှုပ်ခတ်ခဲ့သော ငလျင်သည် ဌင်းမြွေရုပ်အား အုတ်ကျိုးအုတ်ပဲ့ပုံများဖြစ်စေခဲ့ပြီး မြွေရုပ်၏ ဦးခေါင်းထက်ဝက်ကို မြေကြီးအောက်တွင် မြှုပ်နှံခဲ့သည်။
“ ငလျင်လှုပ်စက နဂါရုံဘုရား ကျွန်မကို ကယ်ပါလို့ ဆုတောင်းအော်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မသားက ဘုရားပြိုကျသွားပြီလို့ ပြောပါတယ်” ဟု ဒေါ်ခင်စိန်က ပြောသည်။
“ ဘယ်အုတ်စီသမားမှ ဗိသုကာပညာရှင်မှ ဒီဘုရားကို မူလအတိုင်း ပြန်လည်ဆောက်လုပ်နိုင်မယ် မထင်ပါဘူး” ဟု သူမက AFP သတင်းဌာနကို ပြောကြားခဲ့သည်။
ဒေါ်ခင်စိန်က သူမနှစ်ပေါင်း ၅၁ နှစ်ကြာ ဆုတောင်းခဲ့သော နဂါရုံဘုရားပတ်လည်တွင် မျက်ရည်များဖြင့် လမ်းလျှောက်နေစဉ် ခုလိုပြောခဲ့သည်။
“ ကျွန်မ မူလအဟောင်းကို လိုချင်ပေမယ့် ဖြစ်မလာနိုင်တော့ဘူးဆိုတာသိပါတယ်၊ အဟောင်းတွေက အဖိုးအတန်ဆုံးပါ”

ကုလသမဂ္ဂအဆိုအရ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၆ဝ,ဝဝဝ ကျော် တဲစခန်းများတွင် နေထိုင်နေရပြီး ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ငလျင်က ပြည်တွင်းရှိ လူပေါင်း၂ သန်းကို အရေးပေါ်အကူအညီ လိုအပ်သည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။
ငလျင်ကြောရှိ မြေမျက်နှာပြင်သည် ၆ မီတာ(ပေ ၂ဝခန့်) အထိ ကွဲအက်သွားခဲ့ပြီး ဘုန်းကြီးကျောင်း ၃,ဝဝဝ ကျော်နှင့် သီလရှင်ကျောင်းများ ပျက်စီးသွားခဲ့ကာ ဘုရားစေတီပေါင်း ၅,ဝဝဝ ကျော် ပျက်စီးခဲ့ကြောင်း အာဏာသိမ်း စစ်အုပ်စုက ဆိုသည်။
မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးနှင့် ဆက်စပ်မြို့များဖြစ်သော စစ်ကိုင်းနှင့် အင်းဝမြို့များသည် ငလျင်ဗဟိုချက်ပတ်လည်တွင် ရှိကြသည်။
ထိနေရာများသည် ရှေးခေတ်က အာဏာစက်ရှိရာနေရာများဖြစ်ကာ သမိုင်းထဲတွင် နက်နဲစွာ စိမ့်ဝင်ခဲ့သော်လည်း ယခုအခါ ငလျင် အပျက်အစီးများဖြင့် ဖုံးလွှမ်းခံထားရသည်။
ယဉ်ကျေးမှုမြို့တော် မန္တလေးသည် ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့က မြန်မာနိုင်ငံ နောက်ဆုံးမင်းကို ဖမ်းဆီးခဲ့သော နေရာဖြစ်ပြီး တစ်နိုင်ငံလုံးအပေါ် ကိုလိုနီအုပ်ချုပ်မှု စတင်ခဲ့သည်။
မန္တလေးနန်းတော်၏ တံတိုင်းများသည် အချို့နေရာများတွင် ပြိုကျခဲ့ပြီး အလှဆင်ထားသော ခံတပ်များလည်း စောင်းငိုက်ပြိုကျခဲ့သည်။
ကိုလိုနီခေတ်ကတည်ဆောက်ခဲ့သော တစ်ကီလိုမီတာအရှည်ရှိ စစ်ကိုင်းတံတား တစ်စင်းသည် ဧရာဝတီမြစ်ထဲသို့ ပြိုကျခဲ့သည်။
စစ်ကိုင်းမြို့တွင် တစ်ချိန်က လှပတည်ရှိခဲ့သော စေတီပုထိုးများသည် ယခုအခါ ငလျင်ကြောင့် တဖြည်းဖြည်း ပျောက်ကွယ်နေသည်။
အင်းဝသည် ၁၈၃၉ ခုနှစ်တွင် ရစ်(ချ်)တာစကေး ၈.၂ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် စွန့်ခွာမခံရမီအထိ နှစ်ပေါင်း ၃၆ဝ နီးပါး မြို့တော်အဖြစ် တည်ရှိခဲ့သည်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်းရှိ သမိုင်းဝင်အဆောက်အအုံများ၏ လေးပုံသုံးပုံသည် ယခုနှစ် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ပျက်စီးခဲ့ကြောင်း အရာရှိများကဆိုသည်။
သံဃာတော်တစ်ပါးဖြစ်သူ ဦးသုနန္ဒသည် မယ်နုအုတ်ကျောင်း ကြွင်းကျန်လက်ရာကို လာရောက်ကြည့်ရှုခဲ့သည်။
၁၈၁၈ ခုနှစ်တွင် တည်ဆောက်ခဲ့သော မယ်နုအုတ်ကျောင်း၏ မြောက်ဘက်နှင့် အနောက်ဘက်အစိတ်အပိုင်းများသည် ပျက်စီးသွားခဲ့သည်။
ရွှေဆေးရောင်များဖြင့် ပြင်ပဆင်ယင်ထားမှုများ ကွဲအက်ကာ အတွင်းပိုင်း အုတ်နီရောင်များ ပေါ်ထွက်လာခဲ့သည်။
“ အဟောင်းတွေက အဖိုးတန်ဆုံးပဲ” ဟု အသက် ၄၉ နှစ်အရွယ် သံဃာတော် ဦးသုနန္ဒကမိန့်ကြားသည်။
“ သမိုင်းဝင် အမွေအနှစ် ဆုံးရှုံးမှုက နှလုံးသားကို ကွဲအက်စေပါတယ်၊ တကယ်လို့ ပြန်ပြုပြင်နိုင်တယ်ဆိုရင်တောင် လူတွေက မူလပုံစံအတိုင်း ခံစားရမှာ မဟုတ်ပါဘူး။ အဟောင်းဆိုတာ အဟောင်းပဲ၊ ပြန်လည်ပြုပြင်လို့ မရနိုင်ပါဘူး” ဟုဦးသုနန္ဒ မိန့်ကြားသည်။
ဦးသုနန္ဒက ခုလိုဆက်မိန့်ကြားသည်။
” အမွေအနှစ် ဆုံးရှုံးမှုဟာ နိုင်ငံကိုသာမက ကမ္ဘာကိုပါ သက်ရောက်မှုရှိမယ်လို့ ထင်ပါတယ်”
မြန်မာနိုင်ငံတွင် အပျက်အစီးများအောက်မှ လူ့အလောင်းများကို ပြန်လည်ရှာဖွေနေဆဲဖြစ်ပြီး မုတ်သုံရာသီ စတင်ဝင်ရောက်နေသည်။
လူထောင်ပေါင်းများစွာသည် ငလျင်ဘေးလွတ်ရာ ပြင်ပနေရာများတွင် တစ်လပြည့်ခြင်းအထိမ်းအမှတ် တဲထိုးကာ နေထိုင်နေကြရသည်။
ယခုအပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
စစ်တမ်းကောက်ယူသူများသည် သမိုင်းဝင် အဆောက်အအုံများ၏ ပျက်စီးမှုကို စုံစမ်းစစ်ဆေးနေကြသော်လည်း ပြန်လည်တည်ဆောက်ရေး ပြန်လည်မွမ်းမံခြင်းထက် အသက်ရှင်ကျန်ရစ်သူများကို ကူညီရန်သာ အဓိကထားနေကြသည်။
မြန်မာနိုင်ငံသည် ဖျက်ဆီးခြင်းများစွာကို ကြုံတွေ့ခဲ့ရသည်။
လေးနှစ်ကြာ စစ်ပွဲသည် မြို့ပြ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများနှင့် ဝိုင်းရံတိုက်ခိုက်မှုများ ပုံမှန်ဖြစ်စဉ်လို ဖြစ်စေခဲ့သည်။
ထောင်ပေါင်းများစွာသော လူများသေဆုံးခဲ့ပြီး လူဦးရေ ၃.၅ သန်း ရွှေ့ပြောင်းနေထိုင်နေရကာ လူဦးရေ ထက်ဝက်ခန့်သည် ယခုအခါ ဆင်းရဲမွဲတေမှုနှင့် နေထိုင်နေရသည်။
သို့သော်လည်း သုံးရာစု သက်တမ်းရှိ လောကသာရပုဘုရားကို စစ်တမ်းကောက်ယူနေသော ဦးသိန်းမြင့်ကိုက
“ ကျွန်တော် အသက် ၆၅ နှစ်မှာ ဒီလို ဝမ်းနည်းဖွယ်ရာကို မကြုံဖူးပါဘူး” ဟု ပြောသည်။
သူသည် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသော စေတီတော်ပြင်ဆင်ရေး ဂေါပကအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
စေတီတော်သည် ဥခွံများကဲ့သို့ အက်ကွဲနေပြီး ယခုအခါ အနီးနားကျေးရွာမှ စေတနာ့ဝန်ထမ်း အလုပ်သမားများသည် အောက်ဘက်ရှိ ဖုန်မှုန့်အကြွင်းအကျန်များကို ရှင်းလင်းကာ တူးဖော်နေသည်။
“ ကျွန်တော် စိတ်ဓာတ်ကျမိပါတယ်” ဟု ဦးသိန်းမြင့်ကိုက ပြောသည်။
သို့ရာတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခြင်း မရှိဘဲ ကျန်ရစ်သော အရာသည် မြန်မာ့သမိုင်းမှတ်တမ်းများတွင် ပိုမိုအဖိုးတန်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ၈ မီတာအရှည်ရှိ ကြီးမားသော စကျင်ကျောက် ဆင်းတုတော်ကြီးသည် အများအားဖြင့် ပျက်စီးခြင်း မရှိခဲ့ပါ။
ရွှေထီးတော် အရင်းတွင် အက်ကြောင်းတစ်ခု ရှိခဲ့သော်လည်း ဆင်းတုတော်၏ တည်ငြိမ်သော မျက်နှာသွင်ပြင်သည် မပျက်စီးခဲ့ပါ။
“ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ဘူး၊ ဗုဒ္ဓဆင်းတုတော်လည်း မပျက်စီးခဲ့ဘူး” ဟုဆင်းတုတော်ခြေရင်းတွင် အပျက်အစီးများ ရှင်းလင်းနေသူ တစ်ဦးက ပြောသည်။
သူကခုလို ပြောသည်။
“ ဒါဟာ တကယ့်ကို တန်ခိုးရှိတဲ့ ဘုရားတစ်ဆူပါပဲ။”
ကိုးကား၊ဓာတ်ပုံများ – Laotian Times – “ Lost to History: Myanmar Heritage Falls Victim to Quake”