ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃ဝ ကျော်၏ နစ်နာကြေး ဘတ် ၅ သိန်းကျော်ပြန်ရ

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ စက်ရုံတစ်ရုံတွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသော မြန်မာ အလုပ်သမား ၃ဝ ကျော်၏ နစ်နာကြေး ဘတ် ၅ သိန်းကျော်နှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့မှသိရသည်။

ဌင်းစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ၏ အကူအညီတောင်းမှုအရ ပါကျင်ပူရီ ဆဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန)တွင် တိုင်ကြားပေးခဲ့ရာမှ နစ်နာကြေးနှင့်စာရွက်စာတမ်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MHAC မဟာမိတ်အဖွဲ့ထုတ်ပြတ်ချက်အရ တိုင်ကြားခဲ့သည့် အလုပ်သမား (၇၃) ဦးအနက် အလုပ်သမား (၄၁) ဦးသည် မိမိသဘောဆန္ဒနှင့် အလုပ်ထွက်ခြင်းဖြစ်ပြီး (၃၂)ဦးမှာ စက်ရုံသူဌေးက အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုအလုပ်သမား (၇၃) ဦးတွင် စာရွက်စာတမ်းမရသော အုပ်စုနှင့် အကြောင်းမဲ့ အလုပ်ထုတ်ခံရသော အုပ်စု နှစ်ခုခွဲပြီး ထိုင်းအစိုးရ ဆဝါဒီကန်ရုံးတွင်တိုင်ကြားပေးခဲ့ပြီး အကြောင်းမဲ့ အလုပ်ထုတ်ခံရသော အလုပ်သမား(၃၂) ဦအဖွဲ့သည် နစ်နာကြေး တစ်ဦးလျှင် (၁၆,ဝ၆၅)ဘတ် နှုန်းဖြင့် (၃၂) ဦးစာအတွက် စုစုပေါင်း (၅၁၄,ဝ၈၀) ဘတ် ရရှိခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် အလုပ်သမားများ၏ ဗီစာ/ပါမစ် သက်တမ်းတိုး နိမ်းလစ်စာရွက် ၊စာရွက်စာတမ်းများနှင့် အလုပ်ပြောင်းစာ ဘိုင်ကျန့်အော့အပါအဝင် စာရွက်စာတမ်းအားလုံးကိုလည်း စက်ရုံသူဌေးမှပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်းကို တာဝန်ရှိလူကြီးများရှေ့တွင် အလုပ်ရှင်/ အလုပ်သမားကတိကဝတ်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့မှထုတ်ပြန်သည်။

နစ်နာကြေးရသော မြန်မာအလုပ်သမားများက MHAC ရုံးရှိ ဒုက္ခသည်အလုပ်သမား များနှင့်ရုံးအထွေထွေအသုံးပြုရန် အတွက် ၃၇,ဝဝဝ ဘတ် ပြန်လည်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

Photo – MHAC

သတင်း – Migrant Times

Similar Posts