ဘန်ကောက်ရှိ ငလျင်ကြောင့် ပြိုကျအဆောက်အအုံတွင် ပျောက်ဆုံးသူ ၆ ဦးထပ်တိုး

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ ငလျင်ကြောင့် ပြိုကျခဲ့သော အထပ် ၃ဝ ရှိ စာရင်းစစ်ရုံး အဆောက်အအုံတွင် ပျောက်ဆုံးသူ ၁ဝ၃ ဦးရှိခဲ့ရာမှ ၆ ဦးထပ်တိုးကာ စုစုပေါင်း ၁ဝ၉ ဦးရှိကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့အနီး၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်၏ သက်ရောက်မှုကြောင့် ဘန်ကောက်မြို့ရှိ စာရင်းစစ်ရုံး (SAO) အဆောက်အအုံပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ယနေ့ မေလ ၅ ရက်နေ့အထိ တစ်လကျော်အကြာ ဆက်လက်ရှာဖွေနေကြသည်။

အဆိုပါ အဆောက်အအုံသည် ဆောက်လုပ်ဆဲအချိန်ဖြစ်ခြင်းကြောင့် အလုပ်သမား ၁ဝဝ ကျော်ပိတ်မိခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေး (BMA) ၏ အစီရင်ခံချက်အရ သိရသည်။

ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့၏ မေလ ၃ ရက်နေ့ စာရင်းအရ ဌင်းအဆောက်အအုံမှ သေဆုံးသူ ၈၆ ဦး၏ ရုပ်အလောင်းများအားရှာဖွေတွေ့ရှိခဲ့သည်။ ၁၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးရုံသို့ပိုဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများအနက် ၃၄ ဦးသည် မြန်မာ အလုပ်သမားများ ဖြစ်ကြောင်း အလုပ်သမား အရေးကူညီသူများက Migrant Times ကိုပြောသည်။

အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ တစ်ဦးအတွက် မျိုးရိုးဗီဇ DNA မှန်ကန်သည့် မိသားစုဝင်များကို ဘန်ကောက်ခရိုင်ရုံးက ဘတ်တစ်သိန်း ၊ ပကန်စခွန် လူမူဖူလုံရေးရုံးက ဘတ်တစ်သန်းထိ လျော်ကြေးပေးမည်ဟု မြန်မာအလုပ်သမား အရေးကူညီသူများမှသိရသည်။

အဆောက်အအုံပြိုကျမှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ ကျန်ရှိမိသားစုဝင်များ လျော်ကြေးရရှိရေး စာရွက်စာတမ်း အခက်အခဲအချို့ရှိနေကြောင်း WAG Myanmar အဖွဲ့ဝင်က Migrant Times ကိုပြောကြားသည်။

Photo – Fire & Rescue Thailand
မေလ ၄ ရက်နေ့၌ ပြိုကျအဆောက်အအုံတွင် တွေ့ရသည့် ကယ်ဆယ်ရေးမြင်ကွင်း။
သတင်း – Migrant Times ။

Similar Posts