အလုပ်သမား ၁ဝဝ ကျော် OWIC ကတ်အတွက် အထောက်အထားမပြည့်စုံဟုစစ်ကောင်စီထုတ်ပြန်

ပြည်ပနိုင်ငံမှ ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သားများက ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC)လျှောက်ထားကြပြီး ယင်းအနက် လုပ်သား ၁ဝဝ ကျော်သည် အထောက်အထားမပြည့်စုံကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ မေလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

အထောက်အထားမပြည့်စုံသူများသည် OWIC ကတ်အတွက် စာရွက်စာတမ်းပြည့်စုံစွာဖြင့် ပြန်လည်တင်ပြရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သား ၁၁ဝ ဦးသည် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊ Work Permit သက်တမ်းကုန်နေခြင်း ၊ COE လိုအပ်ခြင်း၊ EC/DL မပါရှိခြင်း ၊ လေဆိပ်အဝင်နှင့်အထွက်တုံးများမပါရှိခြင်း၊ ခွင့်စာလိုအပ်ခြင်း စသည့် စာရွက်စာတမ်းများလိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ဝ ရက်မှစ၍ ထိုင်းနိုင်ငံသို့ထွက်ခွာမည့် အသက် ၁၈ နှစ်မှ ၃၅နှစ်ကြား အမျိုးသားများအား ပြည်ပ ထွက်ခွင့် မပြုတော့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထို့နောက် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက OWIC ကတ် ထုတ်ပေးခြင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ အကြောင်းပြချက် မရှိဘဲ ရပ်ဆိုင်းခဲ့သည်။

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးမှု ပိတ်ထားရာမှ မတ်လ ၂ဝ ရက်မှစတင်၍ ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

အလုပ်အကိုင် နိုင်ငံကူးလက်မှတ်(Passport for Job-PJ) နှင့် OWIC ရှိသူများအနေဖြင့် ပြည်ပထွက်ခွာမည် ဆိုပါက နိုင်ငံကူးလက်မှတ်၊ OWIC၊ ခွင့်ပြန်အလုပ်သမားဖြစ်ပါက သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်၊ အလုပ်ရှင် ခွင့်ပြုစာ စသည့် အထောက်အထားများဖြင့် တင်ပြလျှောက်ထားကာ ဝန်ကြီးဌာန၏ခွင့်ပြုချက် ရယူရမည်ဟုလည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သတင်း – Migrant Times
Photo – OWIC ကတ် နမှုနာ

Similar Posts