ထိုင်းဂေါက်ကွင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၆၈ ဦးကိုစစ်ဆေး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ နာမည်ကြီး ဂေါက်ကွင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာကယ်ဒီ ဂေါက်အိပ်သယ်သည့် အလုပ်သမား ၁၆၈ ဦးအား မေလ ၆ ရက်နေ့၌ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး အလုပ်လုပ်ခွင့်ပါမစ်ရှိသည်ကိုတွေ့ရကြောင်း ထိုင်းသတင်းတစ်ခုကရေးသားသည်။
ထိုဂေါက်ကွင်းတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များက ဂေါက်ကွင်းငှားရမ်းကာ ကိုရီးယားဂေါက်သမားများကို အထူးဝန်ဆောင်မှုပေးရန် မြန်မာအလုပ်သမားများအား ကယ်ဒီနှင့် အနှိပ်သမားအဖြစ် ခေါ်ယူအသုံးပြုနေခြင်းဖြစ်ကြောင်း သတင်းကဖော်ပြသည်။
မြန်မာအလုပ်သမားများကြောင့် ဒေသခံဂေါက်ကွင်းဝန်ထမ်း ကယ်ဒီများ ဒုက္ခရောက်နေကြောင်း ဂေါက်ကျွမ်းကျင်သူတစ်ဦးက မီဒီယာများသို့ တိုင်ကြားသဖြင့် အစိုးရအေဂျင်စီများအား စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရာတွင် ဂေါက်အိပ်သယ်ပေးသည့် ကယ်ဒီလုပ်ငန်း သည် နိုင်ငံခြားသားအလုပ်သမားများအတွက် တားမြစ်ထားသော အလုပ်အကိုင်များတွင် မပါဝင်ကြောင်း ၊ မြန်မာအလုပ်သမား ၁၆၈ ဦးအနက် တစ်ဦးသာလျှင် ကန်ချနဘူရီခရိုင်တွင် ၈ လကြာ နေထိုင်ခဲ့သော်လည်း နေထိုင်ကြောင်းသတင်းမပို့သည့် အတွက် ဘတ် ၄,ဝဝဝ ဒဏ်ရိုက်ခံခဲ့ရကြောင်း သိရသည်။
သတင်း – Migrant Times
ကိုးကား၊ဓာတ်ပုံ – โจโฉ