September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ဖူးခက်တွင် ဘတ် ၁ သန်း ခိုးယူသည့် မြန်မာအလုပ်သမားကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ဖူးခက်မြို့နယ်တွင် အလုပ်ရှင်ထံမှ ဘတ် ၁.၁ သန်း ခိုးယူခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးအားဖမ်းမိခဲ့ကြောင်း ဖူးခက်ရဲတပ်ဖွဲ့ထံမှသိရသည်။

ဖူးခက်မြို့၊တလေ(Cherng Talay)ရပ်ကွက်တွင် မေလ (၁) ရက်မှ (၇) ရက်နေ့အထိ မှုခင်းနှိမ်နင်းရေး (၇) ရက်တာလှုပ်ရှားမှုအတွင်း အသက် ၂၃ နှစ်အရွယ် ညီဘိုသက်ဟု အမည်ရသည့် မြန်မာအလုပ်သမားအားဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းအချို့တွင်ဖော်ပြသည်။

သံသယရှိသူအား တလေရှိ အာသွန်း အိမ်ရာစီမံကိန်း အဆောက်အဦး ၉၂ ရှေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရဲများ၏ အဆိုအရ ညီဘိုသက်ထံမှ မော်တော်ဆိုင်ကယ်၊ ရာဇဝတ်မှု ကျူးလွန်စဉ် ဝတ်ဆင်ခဲ့သော အဝတ်အစား၊ အနက်ရောင် ပခုံးလွယ်အိတ်၊ ဦးထုပ်၊ ဘတ် ၁,၉၈ဝ အပါအဝင် သက်သေခံပစ္စည်း ခုနစ်ခု သိမ်းဆည်းခဲ့သည်။

ထို့ပြင် ထိုင်းဘတ်ငွေ ၁,၁၇၉,၈၉ဝ နှင့် အမေရိကန်ဒေါ်လာ ၁ဝဝ ကိုလည်း ပြန်လည်ရရှိခဲ့သည်။

ဘန်းတော်(Bang Tao) အိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့သော ခိုးဝင်မှုတွင် သံသယရှိသူ၏ မျက်နှာကို CCTV တွင် မြင်တွေ့ရပြီးနောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထွက်ပြေးရာ လမ်းကြောင်းမှတဆင့် ခြေရာခံကာ ညီဘိုသက် အားဖမ်းဆီးခဲ့ကြောင်း ရဲများက ရှင်းပြသည်။

ညီဘိုသက်သည် ညအချိန် တရားမဝင် ဝင်ရောက်ခိုးယူမှု၊ ရာဇဝတ်မှုကို ကူညီရန် ယာဉ်အသုံးပြုမှုနှင့် ခိုးရာပါပစ္စည်း လက်ဝယ်ထားရှိမှု အပါအဝင် စွဲချက်များစွာနှင့် ရင်ဆိုင်နေရကြောင်း ထိုင်းသတင်းကရေးသားသည်။

ညီဘိုသက်အား တရားမဝင် အွန်လိုင်းလောင်းကစားမှုဖြင့်လည်း တရားစွဲဆိုခဲ့ကြောင်း ရဲများက မှတ်ချက်ပြုပြီး သူ၏ နိုင်ငံကူးလက်မှတ်တွင်ပါရှိသည့် ဗီဇာသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ညီဘိုသက်၏ အလုပ်ရှင်သည် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိဘဲ အလုပ်ရှင်အား ထိုင်းလူမျိုးတစ်ဦးအဖြစ် ကနဦး သတ်မှတ်ထားကြောင်း သတင်းအရသိရသည်။

ညီဘိုသက်အား ဥပဒေရေးရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဖူးခက်မြို့ ၊ တလေ(Cherng Talay)ရဲစခန်းမှသိရသည်။

သတင်း – Migrant Times

ကိုးကား၊ဓာတ်ပုံ – thephuket news