စမွတ်စခွန်ခရိုင်ရှိ မြန်မာကလေးငယ်များ တက်ရောက်နေသည့် ရွှေ့ပြောင်းကျောင်းများကို စစ်ဆေးမည်

ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ခရိုင်ရှိ မြန်မာကလေးငယ်အများစု တက်ရောက် သင်ကြားနေသည့် ရွှေ့ပြောင်းကျောင်း(ရွှေ့ပြောင်းကလေးငယ်များ သင်ယူရေးစင်တာ)များကို မေလ ၁၇ ရက်နေ့မှ စတင်၍ စစ်ဆေးမည် ဖြစ်ကြောင်း စမွတ်စခွန်ခရိုင်လူထုဆက်ဆံရေးရုံးမှ တရားဝင်ထုတ်ပြန်သည်။
စမွတ်စခွန်ခရိုင်ရှိ ရွှေ့ပြောင်းကျောင်းများသည် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိပါက အသုံးပြုထားသည့်အဆောက်အဦးကို ချက်ချင်းပိတ်သိမ်းမည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
သင်ကြားရေးစင်တာရှိ ဝန်ထမ်းများသည် ရာဇဝတ်မှုတစ်ခု ကျုးလွန်ထားကြောင်းတွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ဗီဇာကို ရုတ်သိမ်းကာ အမည်ပျက်စာရင်းသွင်းခြင်း ခံရမည်ဟုလည်းဆိုသည်။
ရွှေ့ပြောင်းကျောင်းများတွင် ကလေးငယ်များအား ကျောင်းတက်ခိုင်းထားပါက ဥပဒေအရ မှန်ကန်သော ပညာရေးစနစ်အသုံးပြုသည့် ကျောင်းများတွင် ဝင်ရောက်ပြောင်းရွှေ့ရန် စမွတ်စခွန်ခရိုင်လူထုဆက်ဆံရေးရုံးမှ ထုတ်ပြန်သည်။
စမွတ်ဆာခွန် ခရိုင် အစည်းအဝေးခန်းမ၌ ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စမွတ်ဆာခွန်ပြည်နယ်ရှိ ရွှေ့ပြောင်းကလေးများ သင်ကြားရေးစင်တာများဆိုင်ရာ ပြဿနာဖြေရှင်းရေး လမ်းညွှန်ချက်များများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
မူလတန်း ပညာရေးဒေသရုံး၏ အစီရင်ခံစာအရ စမွတ်ဆာခွန်တွင် ရွှေ့ပြောင်းကလေးများအတွက် သင်ကြားရေးစင်တာ ၅ ခု ရှိပြီး စင်တာအသီးသီးတွင် ကလေးငယ် စုစုပေါင်း ၈ဝဝ ကျော် ပညာသင်ကြားနေကြသည်။
၎င်းစာရင်းအရ စင်တာ ၅ ခုလုံးသည် စမွတ်ဆာခွန် ပြည်နယ် ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း မရှိသဖြင့် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရသည်။
ပညာရေးဒေသရုံး၏ ထုတ်ပြန်ချက်အရ ထိုစင်တာများသည် ဖောင်ဒေးရှင်း၏ တည်နေရာပြင်ပတွင် စင်တာ တည်ထောင်ခြင်း မပြုနိုင်ခြင်း၊ သတ်မှတ်စံနှုန်းများနှင့် မကိုက်ညီသော သင်ကြားရေး အဆောက်အဦးများ၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ ငှားရမ်းခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ခြင်းနှင့် စင်တာ တည်ထောင်ခွင့် လျှောက်လွှာတင်ခြင်း စသည်တို့ ဖြစ်ကြောင်း သိရသည်။
ယခု လာမည့် ပညာသင်နှစ်သစ် (မေလ ၁၆ ရက်) ဖွင့်လှစ်ချိန်တွင် ရွှေ့ပြောင်းကလေးများအတွက် သင်ကြားရေးစင်တာ ၅ ခုလုံး လည်ပတ်နိုင်မည် မဟုတ်ကြောင်း၊ မည်သည့်နေရာတွင်မဆို ကလေးများအား လက်ခံ၍ သင်ကြားပေးပါက ဥပဒေချိုးဖောက်ခြင်းဖြစ်ပြီး ဥပဒေအရ ချက်ချင်း အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း စမွတ်ဆာခွန် ခရိုင်တာဝန်ခံ မစ္စတာ နရစ် နိရာမိုင်ဝေါင်က အစည်းအဝေးတွင်ပြောကြားခဲ့သည်။
စင်တာ ၅ ခုလုံးရှိ ပညာသင်ကြားနေသော ရွှေ့ပြောင်းကလေး ၈၀၀ ကျော်အတွက် မူလတန်း ပညာရေးဒေသရုံးမှ စုစုပေါင်း ကျောင်း ၄၃ ကျောင်းတွင် လက်ခံရန် နေရာများ စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။
သို့သော် ရွှေ့ပြောင်းလုပ်သား ကလေးများနှင့်ပတ်သက်ပြီး စင်တာကိုယ်စားလှယ်များနှင့် ကလေးများ၏ မိဘများက ကျောင်းများသို့ ဆက်သွယ်ခြင်း မရှိသေးကြောင်း သိရသည်။
မေလ ၁၇ ရက်နေ့မှ စတင်၍ စမွတ်ဆာခွန် ပြည်နယ် ပညာရေးမှူးဦးဆောင်သည့် ပေါင်းစပ်အဖွဲ့မှ ရွှေ့ပြောင်းလုပ်သား ကလေးများ၏ ပညာရေးစင်တာအားလုံးသို့ ကွင်းဆင်း စစ်ဆေးမည်ဖြစ်ပြီးဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်သည်။
News – Migranttimes
Ref – mahachaicabletv