ကန်ချနဘူရီခရိုင်တွင် အလုံပိတ် ပစ်ကပ်ကားပေါ်၌ မြန်မာ ၂၆ ဦးဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အနောက်ဘက်ဒေသ ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ပစ်ကပ်ကားပေါ်၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၂၆ ဦးကိုဖမ်းမိခဲ့ကြောင်း ကန်ကျနဘူရီခရိုင်အုပ်ချုပ်ရေးအဖွဲ့မှထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင် တရားမဝင်ဝင်ရောက်သူများရှိကြောင်း ဒေသခံများသတင်းပေးချက်အရ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန်မြို့နယ် ထားနွန်ကျေးရွာ လမ်းလေးဆုံတွင် Isuzu D-Max ခဲရောင် အလုံပိတ် ပစ်ကပ်ကားတစ်စီးကို ဆူရစီ တပ်မ ၉ တပ်ရင်းက တားဆီးစစ်ဆေးခဲ့သည်။
ကားပေါ်တွင် အသက် ၄၇ နှစ်အရွယ် ယာဉ်မောင်းနှင့်ခရီးသည်တစ်ဦး၊ ကားနောက်တွင် အထောက်အထားမဲ့ လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၆ ဦးကို ဖမ်းဆီးရမိကြောင်း ဆူရစီ တပ်မ ၉ တပ်ရင်း ဗိုလ်ချုပ် အသဒွါဝု ပယာရချွန်းက ပြောသည်။
ဖမ်းဆီးခံရသူများသည် ရန်ကုန်တိုင်းမှ ထွက်ခွာလာသူများ ဖြစ်ပြီး ထိုင်းနယ်စပ်သို့ တောလမ်းကြောင်းမှခိုးဝင်ကာ ထောင်ဖာဖွန်မြို့နယ် ၊ ခနွန်ခလီရွာတွင် သွားရောက်ခေါ်ဆောင်ပြီး ချွန်ဘူရီ ခရိုင်သို့ ပို့ဆောင်စဉ် လမ်းခရီး၌ဖမ်းဆီးခြင်းခံရကြောင်း မစ္စတာ ဆမန်ဟုအမည်ပေးထားသည့် ယာဉ်မောင်ကဝန်ခံထွက်ဆိုသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၆ ဦးသည် စာရွက်စာတမ်းအထောက်အထားများပါရှိခြင်းမရှိပဲ ရန်ကုန်တိုင်းမှ ချွန်ဘူရီခရိုင်သို့ ပို့ဆောင်ရန် ပွဲစားခ တစ်ဦးလျှင် ဘတ်ငွေ ၂၅ဝဝဝ ပေးဆောင်ခဲ့ရကြောင်းသိရသည်။
အလုံပိတ် ပစ်ကပ်ကားမောင်းသူနှင့်ခရီးသည်တစ်ဦး အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၆ ဦးအား ထောင်ဖာဖွန် မြို့နယ် ရဲစခန်းသို့ လွဲပြောင်းထားကာ ဥပဒေအရ အရေးယူခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆောင်ရွက်မည် ဖြစ်ကြောင်း ထိုင်းသတင်းကရေးသားသည်။
သတင်း – Migrant Times
ကိုးကား၊ဓာတ်ပုံ – matichon