September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ရနောင်းတွင် ခရုများ သယ်ဆောင်လာသည့် တရားမဝင် မြန်မာလှေကို ဖမ်းမိ

ထိုင်းနိုင်ငံ၊ ရနောင်းမြို့နယ်၊ ပါ့ခလောင်းကျေးရွာအနီးရှိ ဆိပ်ခံတံတားတစ်ခုတွင် ခရု ၅ တန်ကျော် သယ်ဆောင်လာသည့် တရားမဝင်ဝင်ရောက်သည့် မြန်မာလှေတစ်စီးကို ဖမ်းမိကြောင်း ထိုင်းသတင်းပေ့စ်တစ်ခုတွင် မေလ ၁၅ ရက်နေ့က ဖော်ပြသည်။

ရနောင်းပြည်နယ် ငါးလုပ်ငန်းရုံးနှင့် ရနောင်းငါးလုပ်ငန်းစစ်ဆေးရေးဂိတ်တို့ ပူးပေါင်း၍ တရားမဝင် ရေသယံဇာတ တင်သွင်းမှုများကို နှိမ်နင်းစဉ်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဌင်းလှေတွင် မြန်မာနိုင်ငံအလံ တပ်ဆင်ထားကာ လှေပေါ်တွင် မြန်မာနိုင်ငံသား ရေလုပ်သားများ ပါဝင်ပြီး တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်းများ တောင်းခံခဲ့ရာ တင်ပြနိုင်ခြင်း မရှိကြောင်း ရနောင်းပြည်နယ် ငါးလုပ်ငန်းရုံးမှသိရသည်။

စစ်ဆေးချက်အရ လှေပေါ်တွင် ခရု (surf clam) အိတ်ပေါင်း ၁၄၆ အိတ်၊ တစ်အိတ်လျှင် အလေးချိန် ကီလိုဂရမ် ၄၀ စီ၊ စုစုပေါင်းအလေးချိန် ၅,၈၄၀ ကီလိုဂရမ် (၅.၈၄ တန်) ကို သိမ်းဆည်းရမိခဲ့သည်။

ယခုလှေသည် တရားဝင်တင်သွင်းသည့် လုပ်ငန်းရှင်များနှင့် ရောနှောကာ တရားမဝင် ခရုများ သယ်ဆောင်လာခြင်းဖြစ်သည်ဟု ယူဆရကြောင်း ငါးလုပ်ငန်းရုံး တာဝန်ရှိသူများက ပြောကြားသည်။

ဖမ်းဆီးရမိသည့် မြန်မာရေလုပ်သားများကို အရေးယူနိုင်ရန် ပါ့ခ်နမ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သိမ်းဆည်းရမိသည့် ခရုအချို့ကို လိုအပ်သည့် ကျောင်းများသို့ အစားအစာအဖြစ် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

News – Migrant Times
Ref/Photo – ข่าวระนอง