ဘန်ကောက်မြို့တွင် အစားအသောက်များရောင်းချနေသည့် မြန်မာ ၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လူစည်ကားရာ ခေါင်ဆန်လမ်းနှင့် ရမ်ဘတ်ထရီလမ်းများတွင် လမ်းဘေးအစားအသောက်များရောင်းချနေသည့် မြန်မာနိုင်ငံသား ၇ ဦးနှင့် တူရကီနိုင်ငံသား ၁ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် မေလ ၂၁ ရက်နေ့က ဖော်ပြသည်။
လူဝင်မှုကြီးကြပ်ရေးဌာန အမှတ် ၁ နှင့် ချာနာဆွန်ခရမ် ရဲစခန်းတို့ ပူးပေါင်းကာ ဘန်ကောက်မြို့ရှိ ခရီးသွားများလာရောက်သည့် နေရာများတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ ဖမ်းဆီးနှိမ်နင်းမှု စီမံချက်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လမ်းပေါ်တွင် အစားအသောက်များ ရောင်းချနေသည့် ရိုတီ၊ ကာဘော့၊ ရေခဲမုန့်၊ သစ်သီးဖျော်ရည်စသည့် ဆိုင်ခန်းများအား စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အား ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊
ပတ်စ်ပို့မရှိဘဲ တရားမဝင် ဝင်ရောက်လာမှုနှင့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များ သက်တမ်းတိုးရန် ပျက်ကွက်မှုများဖြင့် စွဲချက်တင်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနမှသိရသည်။
တူရကီနိုင်ငံသားသည် ခရီးသွားဗီဇာဖြင့် ရေခဲမုန့်ဆိုင်ကို ဖွင့်လှစ်ထားသည့်အတွက် တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၇ ဦးနှင့် တူရကီနိုင်ငံသား ၁ ဦးအား ဥပဒေအရ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံလွှဲပြောင်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
News – Migranttimes
Ref/Photo – bangkok post
ဖမ်းဆီးခံရသည့် တူရကီနိုင်ငံသား။