ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် ရေကြီးမှုကြောင့် ခိုလှုံရေး စခန်းများဖွင့်

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့တွင် မေလ ၂၃ ရက်ညက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်အများစု ရေကြီးနေပြီး ရေဘေးခိုလှုံရေးစခန်း ၄ ခုဖွင့်လှစ်ခဲ့ရကြောင်း ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။
တစ်ညလုံး မိုးရွာသွန်းမှုကြောင့် မြစ်ရေလျှံကာ ရပ်ကွက်အများစု ရေနစ်မြုပ်ခဲ့ပြီး နေထိုင်သူများအား သန်းခေါင်ယံတွင် ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
မယ်ဆိုင်မြို့တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ မေလ ၂၄ ရက်နေ့ ၊နံနက်အစောပိုင်း ၂ နာရီခန့်မှစ၍ မြစ်ရေသည် ရေတား တံတိုင်းများကို ကျော်လွန်ကာ ထမ့်ဖာဂျွန်ရွာ၊ စိုင်းလုံဂျွိုင်းဈေး၊ နွိုင်မောင်းဒန်ဈေး၊ မောင်းဒန်ရပ်ကွက်နှင့် မိုင်လုံခွန်ရပ်ကွက်တို့အပါအဝင် နေရာများစွာ ရေနစ်မြုပ်ခဲ့သည်။
ရေကြီးရေလျှံမှုသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အချို့နေရာများတွင် ရေအနက် ၀.၅ မှ ၁ မီတာအထိ ရှိခဲ့သည်။
နေအိမ်များစွာ ရေထဲမြုပ်ခဲ့ရပြီး နေထိုင်သူများသည် အမှောင်ထဲတွင် အဖိုးတန်ပစ္စည်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည်။
တာဝန်ရှိသူများက ရေကြီးမှုသည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအောက် အပါအဝင် ယာယီသဲအိတ်များဖြင့် အားဖြည့်ထားသည့် တံတိုင်းကို ကျော်လွန်ခဲ့ပြီး ယခင်နှစ်ကဖြစ်ပွားခဲ့သည့် ရေကြီးမှုဒဏ်ခံရသည့်ဧရိယာအား ထပ်မံဝင်ရောက်ခဲ့သည်။
ယနေ့ မေလ ၂၄ ရက်နေ့ ၊ နံနက် ၆ နာရီအထိ ရေကြီးမှုဆက်လက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံဘက် ခြမ်းတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် ထပ်မံမြင့်တက်လာနိုင်ကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။
ကနဦးသတင်းများအရ ထိခိုက်ခဲ့သည့် ရပ်ကွက်များတွင် ဝင်းဖန်ခမ်းရပ်ကွက်နှင့် မယ်ဆိုင်ရပ်ကွက်တို့ ပါဝင်ကြောင်း သိရသည်။
မေလ ၂၄ ရက်နေ့ နံနက်ပိုင်းကစတင်ကာ ဒေသဆိုင်ရာ အာဏာပိုင်များသည် စစ်တပ်နှင့် အခြားအေဂျင်စီများနှင့် ပူးပေါင်းကာ တံတားပေါ်ရှိ အပျက်အစီးများကို ရှင်းလင်းခြင်းနှင့် နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို အပျက်အစီးများ ရှင်းလင်းရန်နှင့် ရေစီးဆင်းမှုကို ကောင်းမွန်စေရန် ယာယီပိတ်ထားသည်။
ရေကြီးမှုကြောင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ အထူးသဖြင့် အာဆင်းနစ် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး မယ်ဆိုင်စည်ပင်သာယာရုံး၊ ဝပ်ဖရွမ်းဝီဟန်ဘုန်းကြီးကျောင်း၊ စည်ပင်သာယာကျောင်း ၁ နှင့် မယ်ဆိုင်ခရိုင်ခန်းမတို့တွင် ယာယီခိုလှုံရေးစခန်း ၄ ခု ဖွင့်လှစ်ထားကြောင်း မယ်ဆိုင်မြို့တာဝန်ရှိသူများကထုတ်ပြန်သည်။
News – Migranttimes
Ref/Photo – khaosod / เชียงใหม่นิวส์