“ဘဘ အဲဒီလူကြီးကို သေမိန့်ပေးပါ”

– ထူးချစ်
၂ဝ၁၆ အောက်တိုဘာလလောက်ဟု ထင်မှတ်နေ၏။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တာကွာပါမြို့ရဲ့ ပြည်သူ့ဆေးရုံကြီး အမျိူးသမီးဆောင်ကို ဝင်လိုက်တာနဲ့ အဝင်တံခါးကပ်ရပ်က ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းနဲ့ (၉)နှစ်အရွယ် မိန်းကလေးက “ဘဘ အဲလူကြီးကို သေမိန့်ပေးပါ”လို့ ထားဝယ်သံနဲ့ ကျနော့်ကို ဆီးကြိုပြောနေတဲ့ အသံဖြစ်ပါတယ်။
ကလေးငယ်လေးရဲ့ ဘေးမှာ မိဘနှစ်ဦးနဲ့ ဆွေမျိုးသားချင်းတွေလို့ ထင်ရတဲ့ သူတွေက ဝိုင်းရံထားတာတွေ့ရပါတယ်။ ပညာရေးနဲ့ ဖွံ့ဖြိုးတိုက်တက်ရေးဖောင်ဒေးရှင်း(FED)က ဆရာ၊ဆရာမ အချို့နဲ့ ဝန်ထမ်းတွေလည်းတွေ့ရ၏။
ကလေမလေးရဲ့ အားကိုးတကြီးမျက်နှာ၊ နာကျည်းခံပြင်းတဲ့ ပုံစံ ၊ ကျန်းမာရေးအရ အားလျော့ နွမ်းလျနေတဲ့ မျက်နှာလေးနဲ့ ကျနော့်ကို အားကိုးတကြီး တောင်းဆိုနေတဲ့ မြင်ကွင်းကို အခု ၉ နှစ်ကြာတဲ့အထိ မေ့မရသေးပါဘူး။
ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေပါတယ်။ လူအုပ်ကြားထဲကပဲ ကလေးမလေးရဲ့ ရှိုက်သံသဲ့သဲ့ကြားရပြန်တယ်။ ကျောင်းဆရာမတစ်ဦးနဲ့ ဝန်ထမ်းအမျိူးသမီးတို့လည်း တစ်ဦးနဲ့ တစ်ဦး ပွေ့ဖက်ထားပြီး ရှိုက်ငိုနေကြပါတယ်။
ကလေးမလေးရဲ့ လက်ကိုကိုင်ပြီး ကျနော် အချိန်အတော်ကြာ စွန့်အသွားခဲ့ပါတယ်။ အရင်က ပျော်ပျော်ပါးပါး ဆော့ကစားလွန်းတဲ့ ကလေးမလေးဟာ အခုတော့ ငြိမ်သက်နေပါတယ်။ ကျနော့်ကို အားကိုးတကြီးနဲ့ တောင်းဆိုနေတာက အပြစ်ပေးအရေးယူဖို့ တစ်ခုခု ပြုလုပ်ပေးပါလို့ ပြောဆိုနေတာပါ။
ကလေးမလေးဟာ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျေးရွာလေးတစ်ရွာက ဖြစ်ပါတယ်။ ဖန်ငခရိုင်၊ ကိုလပူရီမြို့နယ်မှာ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း(FED)ဖွင့်လှစ်ထားတဲ့ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ မူလတန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ အသက်(၉)နှစ်အရွယ် မူလတန်းကျောင်းသူလေး ဖြစ်ပါတယ်။
သူမရဲ့ မိဘတွေဟာ တစ်ရွာတည်း အတူနေထိုင်းဖူးတဲ့ ရွာသားတွေအပြင် တခြားက ရွှေ့ပြောင်းနေထိုင်တဲ့ အလုပ်သမားတွေရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေတာပါ။ မိဘနဲ့ရင်းနှီးတော့ အိမ်ကို ဝင်ထွက်နေကြတာက အမျိုးသားကြီးတွေလည်း အပါအဝင်ပေါ့။ အဲဒီအမျိုးသားတွေထဲက အသက် (၄ဝ)ကျော်အမျိုးသားတစ်ဦးဟာ ကလေးမလေးကို စတင်ချည်းကပ်လာပါတော့တယ်။
ပထမပိုင်းမှာ အွန်လိုင်းက ညစ်ငြမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ပြတယ်လို့ ဆိုပါတယ်။ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာတော့ လိင်ပိုင်းဆိုင်ရာစော်ကားပြီး ကလေးငယ်လေးကို အဓမ္မပြုကျင့်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့ပါတယ်။ ကလေးမလေးဟာ အဲဒီလိုအကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုတွေကြောင့် အရေးပေါ်ဖြစ်ပြီး ဆေးရုံကို တင်ခဲ့ရတာပါ။
“ ဆရာကြီး အပြစ်ကျုးလွန်သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျအောင် ဆောင်ရွက်ပေးပါ။ ကျနော်တို့ တွေးကြည့်လေ ဒေါသထွက်ရလေပဲ။ ကိုယ့်သားသမီးအရွယ်လေးကို လုပ်ရက်တယ်” လို့ ကလေမလေးရဲ့ ဆွေမျိုးတော်စပ်သူ အသက်(၄၀)ဝန်းကျင် အမျိုးသားတစ်ဦးက လက်သီးဆုပ်လျှက်ပဲ ကျနော့်ကို ပြောပါတယ်။
ကတိရဲရဲမပေးရဲသော်လည်း ဒီဖြစ်စဉ်ကို အမှုမှန်ပေါ်ဖို့နဲ့ ကျူးလွန်တဲ့သူကို ထိုက်သင့်တဲ့ပြစ်ဒဏ် ကျခံစေဖို့ အတတ်နိုင်ဆုံး လုပ်ပေးမယ်လို့ ချက်ချင်းပဲ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
ကလေးမလေး ဆေးရုံတက်ပြီးတစ်ပတ်အကြာမှာဘဲ ပြစ်မှုကျူးလွန်တဲ့ အမျိုးသားကို FEDရဲ့ ဝန်ထမ်းတွေ အကူအညီနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဥပဒေကြောင်းအရ ထိုက်သင့်တဲ့ပြစ်ဒဏ်ကျအောင် ဆောင်ရွက်နိုင်ခဲ့လို့ တရားခံကို ထိုင်းတရားရုံးက နှစ်ရှည်ထောင်ဒဏ် ချခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး၊စီးပွားရေး၊ အလုပ်အကိုင်အခွင့်အရေးတွေအပြင် သဘာဝဘေးအန္တရယ်နဲ့ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာကြောင့် လူငယ်တွေအပါအဝင် အများအပြားဟာ အိမ်နီးခြင်း ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းလာနေကြပါတယ်။
အဲဒီလို ရွှေ့ပြောင်းလာနေတာနဲ့ တပြိုင်တည်း လူကုန်ကူးမှုတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတွေ၊ သက်ငယ်မုဒိန်းမှုတွေဟာ ပိုမိုဖြစ်ပွားလာနေပါတယ်။ ဒါတွေကို အကာအကွယ်ပေးဖို့ အဖွဲ့အစည်းတွေကလည်း နည်းပါးနေပါတယ်။
ကလေးငယ်တွေရဲ့ အခွင့်အရေး၊ ကလေးလုပ်သားများ စေခိုင်းနေတာတွေ၊ ကလေးငယ်တွေရဲ့ ပညာရေးသင်ကြားနေတဲ့ စာသင်ကျောင်းအချို့ဟာလည်း ကလေးအခွင့်အရေးချိုးဖောက်နေသူတွေ တွေ့လာရသလို ဘာသာရေးအဖွဲ့အစည်းတွေကပါ ကလေးအခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးလုပ်ကိုင်တဲ့သူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့လည်း ရွှေ့ပြောင်းလာကြတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုတွေကို လေ့လာစောင့်ကြည့်ပြီး စနစ်တကျ ဖြေရှင်းကြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။
– ထူးချစ်
ဦးထူးချစ်သည် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်။