စက်တင်ဘာ ၂၂ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ပထုံဌာနီပြည်နယ် ၊ဆန်တီဆွတ်လမ်းဆုံအနီး ပထုံဌာနီ-ရန်ဆစ်လမ်းမတွင် ယနေ့(စက်တင်ဘာ ၂၂) နံနက် ၅ နာရီခွဲခန့်၌ မြန်မာအလုပ်သမားများလိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး ၂ ဦးသေဆုံး ခဲ့ကြောင်းထိုင်းသတင်းတွင်ဖော်ပြသည်။
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများတင်ဆောင်လာသော ကားတစ်စီးသည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်းကွန်ကရစ်တုံးပေါ်သို့ တက်ရောက်ပြီး တိမ်းမှောက်မှုကြောင့်၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။
အခင်းဖြစ်ပွားရာနေရာတွင် ကားအတွင်း၌ ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း ၊ ၎င်းတို့အနက် ၇ ဦးမှာ အမျိုးသားများဖြစ်ပြီး ၂ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း၊ ယာဉ်မောင်းနေရာတွင် အမျိုးသားတစ်ဦးနှင့် ရှေ့ခန်းထိုင်ခုံတွင် အမျိုးသမီးတစ်ဦးတို့သည် ကားအတွင်း ပိတ်မိနေကြပြီး ကယ်ဆယ်ရေးသမားများက ဖြတ်တောက်ကိရိယာများကို အသုံးပြု၍ ၎င်းတို့ကို ကားအတွင်းမှ ထုတ်ယူခဲ့ရကြောင်းသိရသည်။ ဖြစ်ပွားရာနေရာတွင် နှစ်ဦး သေဆုံးသွားပြီး ဒဏ်ရာရရှိသူ ၇ ဦးကို ပထုံဌာနီဆေးရုံနှင့် လတ်လုမ်ခဲရိုဆေးရုံသို့ ကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။
သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူများသည် မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့သည် ထိုင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးပြီး တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo – Khaosod / Pathumthani news


