စက်တင်ဘာ ၂၂ ၊ Migrant Times ။
ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော “ရာဂါဆာ” (RAGASA)တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မုတ်သုန်လေအားကောင်းကာ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတွင် မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသဌာနများကထုတ်ပြန်ထားသည်။
“ရာဂါဆာ” (RAGASA) မုန်တိုင်းသည် ယနေ့ (စက်တင်ဘာလ ၂၂ ရက်) တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာပြီး စက်တင်ဘာလ ၂၅-၂၆ ရက်ကြားတွင် ဗီယက်နမ်နိုင်ငံအထက်ပိုင်း ကုန်းတွင်းသို့ ဝင်ရောက်ကာ အားပျော့သွားမည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းသည် ၎င်းရက်များအတွင်း ထိုင်းနိုင်ငံကို ဖုံးအုပ်ထားသော မုတ်သုန်လေကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနကထုတ်ပြန်သည်။
မုတ်သုန်လေအားကောင်းခြင်းကြောင့် ထိုင်းပြည်နယ် ၄၅ ခုနှင့် ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ၂၄ နာရီအတွင်း ထိုင်းနိုင်ငံအထက်ပိုင်း၊ မယ်ဟောင်ဆောင် ၊ တာ့ခ် ၊ ဘူအန်ကန် ၊ အမ်နတ်ချာရွန် နှင့် အူဘွန်ရာချာတာနီရှိ အချို့နေရာများ၌ မိုးသည်းထန်စွာရွာသွန်းမည်ဟု သတိပေးထားသည်။
ရာဂါဆာမုန်တိုင်းကြောင့် ယနေ့ညနေအထိ ပဲခူးတိုင်း ၊စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး၊ဇလဌာနက ယနေ့နံနက်တွင်ထုတ်ပြန်သည်။
Photo – CM 108
ဇူလိူင်လ ၂၈ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင်ရေကြီးခဲ့သည့်မြင်ကွင်း။
Website https://www.migranttimes.com/
Telegram https://t.me/migranttimes