စက်တင်ဘာ ၂၂ ၊ Migrant Times ။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ဆိုင်ကယ်ဂိုဏ်းခေါင်းဆောင်အိုက်တော့ပ်ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်းသတင်းကဖော်ပြသည်။
မြန်မာနိုင်ငံသား လူငယ်များပါဝင်သည့် ဆိုင်ကယ်စီးသူများသည် ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ည၌ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်အမျိုးသားနှစ်ဦးအား ဓားဖြင့်လိုက်လံခုတ်ခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်နေ့တွင် ချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး
ဓားခုတ်မှုကျုးလွန်ခဲ့သူစိုင်းအိုက်မောင် (ခေါ်) အမ်နှင့် မြန်မာနိုင်ငံသား လူငယ် ၁၄ ဦးကိုဖမ်းမိခဲ့ကြောင်း၊ အိုက်မောင်နှင့်အတူ ဓားခုတ်မှုကျူးလွန်ခဲ့သော အိုက်တော့ပ် မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့နောက် ထွက်ပြေးလွတ်မြောက်နေသော အိုက်တော့ပ်အား စက်တင်ဘာလ ၂၁ ရက်နေ့၌ ချာချွန်ဆောင်းခရိုင်၊ ပလိုင်ယောင်မြို့နယ်တွင် ကမ္ဘောဒီးယားသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးဖို့ ပြင်ဆင်နေချိန်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းမိုင်းတွင် ဓားခုတ်မှုကျုလွန်ခဲ့သည့် သူများအား ဥပဒေအရ တရားစွဲမည်ဖြစ်ပြီး လုပ်ငန်းစဉ်ပြီးဆုံးပါက ထိုင်းနိုင်ငံတွင်းမှ နှင်ထုတ်ကာ ပြည်နင်ဒဏ်ပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ကိုးကား၊ဓာတ်ပုံ – chiangmai news