နိုဝင်ဘာ 5, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

“ တရက်တာ ရွှေ့ပြောင်းရေးရာသတင်း”

နိုဝင်ဘာ ၃ ၊ Migrant Times ။

– ထိုင်းနိုင်ငံ ၊ ချွန်ဖွန်ခရိုင်၊ မူးအန်မြို့နယ်၊ အာရှလမ်းပေါ်တွင် ကားတစီးအတွင်းမှ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်းမြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးသည် အောက်တိုဘာလ ၂၆ ရက်နေ့က ရတ္တဖူမ် အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သူများဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန်ချနာဘူရီခရိုင်ရှိ နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

– ရန်ကုန်တိုင်း Pepsi အချိုရည်စက်ရုံတွင် လုပ်သက် (၈)နှစ်ကြာခဲ့သည့် စီနီယာ လျှပ်စစ် အင်ဂျင်နီယာ (S1) ဦးသောင်းဟန်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၃၁) ရက်နေ့တွင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရပြီး နောက်တွင် ၂၀၁၃ ခုနှစ်အတွင်း မှော်ဘီခရိုင်တရားရုံး ၌တရားစွဲဆိုခဲ့သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့အထိ ရုံးချိန်းပေါင်း (၆၆) ကြိမ် မြောက်ပြီးသည့်နေ့တွင် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဘက်(တရားရုံးပြင်ပ) ညှိနှိုင်းသဘောတူညီချက် ရရှိပြီးနောက် အမှု ပိတ်သိမ်းခဲ့ကြောင်း STUM ကထုတ်ပြန်သည်။

– ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့နယ်ရှိ ပွဲစားတစ်ဦးထံတွင် မြန်မာအလုပ်သမား ၈ ဦးသည် ပတ်ပိုစ့်စာအုပ်သက်တမ်းတိုးရန်အတွက် ပိုက်ဆံပေးထားသော်လည်း (၉) လခန့်ကြာသည်အထိ သက်တမ်းတိုးမပေးသဖြင့် UFF အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ရာ နိုဝင်ဘာလ (၂) ရက်နေ့တွင် ပိုက်ဆံနှင့် စာရွက်စာတမ်းများပြန်လည်ရရှိခဲ့သည်။

– ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခု၌ အလုပ်ရပ်နားခံရသည့် မြန်မာအလုပ်သမား ၁၈ ဦး၏ နစ်နာကြေးရရှိရန် ဆောင်ရွက်ပေးနေပြီး ယခု နိုဝင်ဘာလအတွင်းတွေ့ဆုံမည့် ရုံးချိန်းတခုတွင် အလုပ်သမားများအား ရန့်ပုံငွေမှ တစ်လစာ ထုတ်ပေးကာ ကျန်ရှိသည့်နစ်နာထားသည်များ ရရှိနိုင်ရန် လုပ်ငန်းရှင်အား တရားရုံး၌ တရားစွဲဆိုခြင်းစတင်မည်ဖြစ်ကြောင်း MHAC အဖွဲ့ကထုတ်ပြန်သည်။

– ထိုင်းနိုင်ငံ၊မလေးရှားနယ်စပ် ဆုန်ခလာမြို့ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ကိုကျော်မိုးလှိုင်နှင့်ကိုအောင်အောင် တို့သည် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပြီး ကိုကျော်မိုးလှိုင်သည်ဒူးဆစ်အောက်ပိုင်းမှ ဖြတ်လိုက်ရကာ ကိုအောင်အောင်သည် အောက်ဘက်သွားဖုံးပြုတ်ကျသွားခဲ့သည့်အတွက် ၎င်းတို့ (၂)ဦး၏ နစ်နာကြေးရရှိရန် နယ်မြေခံ ပကန်စခွန်ရုံး နှင့် ဆာဝါဒိကန် အလုပ်သမားရုံးတွင် သွားရောက်တိုင်ကြားပေးခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။