နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မလေးသွားဖို့ စပိဘုတ်အတွင်း ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာ ၅ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၅ ၊ Migrant Times ။

ထိုင်းနိုင်ငံတောင်ပိုင်း ၊ နရာသီဝပ် (Narathiwat) ပြည်နယ် ၊ စုငိုင်းကိုလော့ခ် မြစ်ဝတွင် သွားလာနေသည့် စပိဘုတ် တစီးပေါ်တွင် ခိုးပြီးလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅ ဦးအားရေကြောင်းရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။

၎င်းလှေပေါ်တွင် ထိုင်းနိုင်ငံသား ၃ ဦး ၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးအားတွေ့ရှိခဲ့ပြီး လှေသည်မှတ်ပုံတင်မထားကြောင်း၊ မြန်မာနိုင်ငံသား ၅ ဦးသည် အနက်ရောင်အဝတ်ဖြင့် ဖုံးအုပ်ကာ ပုန်းအောင်းနေကြသည်ကို တွေ့ရှိခဲ့ ကြောင်းရဲတပ်ဖွဲ့ ကပြောသည်။

စပိဘုတ်မောင်းနှင်သူ အဆိုအရ မြန်မာနိုင်ငံသား (၅) ဦးအား မလေးရှားနိုင်ငံ ကိုတာဘာရူး (Kota Bharu) ဆိပ်ကမ်းသို့ ပို့ဆောင်ရန် တစ်ဦးလျှင် မလေးရှား ရင်းဂစ် (၅၀) နှုန်းဖြင့် စုစုပေါင်း ရင်းဂစ် ၂၅၀ (ဘတ် ၁,၉၀၀ ခန့်) ဖြင့်ငှားရမ်းခဲ့သည့်အတွက် ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၅ ဦးသည် နိုင်ငံကူးလက်မှတ်နှင့် စာရွက်စာတမ်းများ မရှိကြောင်း ထွက်ဆိုခဲ့ကြပြီး အလုပ်လုပ်ရန်အတွက် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်ဟု ထိုင်းသတင်းကဖော်ပြသည်။
၎င်းထိုင်းနိုင်ငံသား ၃ ဦးနှင့် မြန်မာနိုင်ငံသား ၅ ဦးအား ဥပဒေအရ အရေးယူရန် နရာသီဝပ်ပြည်နယ်၊ တပ်ဗိုင်ရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်း ဖော်ပြသည်။

Photo – Thai News