နိုဝင်ဘာ ၅ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖန်ငခရိုင် ၊ ထုံခမင်းကျေးရွာတွင် မြန်မာနိုင်ငံသား ၁ ဦးသည် ယနေ့ နံနက်တွင်နေအိမ် တအိမ်အား မီးရှို့မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း- FED တာဝန်ရှိသူက Migrant Times ကိုပြောသည်။
ကိုစိုးစိုးအမည်ရ မြန်မာနိုင်ငံသားသည် ယနေ့၊ နံနက် ၉ နာရီဝန်းကျင်တွင် ဘေးအခန်းရှိ မြန်မာအမျိုးသမီး မသစ္စာမိုး ၏ အခန်းသို့ ဓါးဖြင့်ဝင်ရောက်ခြိမ်းခြောက်ခဲ့ပြီး မသစ္စာမိုးက သူမ၏ကလေးနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေစဉ် နေအိမ်တွင်းဝင်ရောက်ကာ မူးယစ်ရမ်းကားပြီး အဝတ်အထည်များအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မသစ္စာမိုးက ၎င်း၏ခင်ပွန်းဖြစ်သူအားအလုပ်တွင် သွားရောက်ခေါ်ဆောင်ကာ FED ရုံးမှတဆင့်အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် FED မှ တာဝန်ရှိသူများက ရဲတပ်ဖွဲ့များနှင့်အတူ ကိုစိုးစိုးအား သွားရောက် စစ်ဆေးဖမ်းဆီးခဲ့ပြီး ၎င်းအား ရန်ငြိုးရန်စမရှိပဲ မူးယစ်ရမ်းကားမှုဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
“ အခု နှစ်ဖက်စစ်ဆေးချက်ယူနေတယ် ၊ ပြီးရင် မှတ်တမ်းလုပ်ပြီ တရားရုံးတင်မယ်။ ဒီနေ့က ရဲစခန်းအချုပ်မှာပဲ ချုပ်ထားတယ်။ ပြီးရင်တော့ ထောင်မှာပဲနေရမယ်၊ ထောင်ကနေမှ အမှုရင်ဆိုင်ရမယ်” ဟုအမှုအားလိုက်ပါဆောင်ရွက်နေသည့် FED တာဝန်ရှိသူက ပြောသည်။
Photo – Migrant Times

