နိုဝင်ဘာ ၅ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၄၇ ဦး (အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၄ ဦး)အား ယနေ့၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက်၌ ရနောင်း အကောက်ခွန် ဆိပ်ခံတံတားမှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။
၎င်းတို့အား ပြန်လည်ပို့ဆောင်ရာတွင် ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး၊ ရနောင်းခရိုင်ဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိနှင့် နိုင်ငံခြားသား အလုပ်သမားများ ပြန်လည်ပို့ဆောင်ရေး ကော်မတီဝင် ၉ ဦးတို့က သက်သေအဖြစ်ဆောင်ရွက်ကြကြောင်း ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၉၀ ဦးအား ရနောင်း အကောက်ခွန် ဆိပ်ခံတံတားမှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းခဲ့သည်။
ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်များအရ ယခုနှစ် ၊ နိုဝင်ဘာလ ၅ ရက်နေ့အထိ ရနောင်းမှကော့သောင်းသို့ နေရပ်ပြန်ပို့ ခံရသည့် မြန်မာနိုင်ငံသား ၁၈၀၀ ကျော် ရှိနေသည်။
Photo – ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး

