နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ရွှေ့ပြောင်းအလုပ်သမားများ၏ အကြောင်းကြားမှု စနစ်ဆိုင်ရာ ပြဿနာများဆွေးနွေး ◼ရွှေ့ပြောင်းအလုပ်သမား ၁၈ သိန်း သက်တမ်းတိုးကိစ္စများ အပြီးသတ်ခြင်းမရှိ

နိုဝင်ဘာ ၆ ၊ Migrant Times ။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ခွင့်လိုင်စင်နှင့် အကြောင်းကြားမှု စနစ်ဆိုင်ရာ ပြဿနာများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ Amari Don Muang Hotel တွင် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားများကို အသုံးပြုသောအလုပ်ရှင်အဖွဲ့ (အဖြူရောင်လုပ်ငန်းရှင်များအသင်း) မှဦးဆောင်၍ ထိုင်းနိုင်ငံအတွင်း လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး Outsource စနစ်အောက်ရှိ နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်လုပ်ခွင့်လိုင်စင်နှင့် အကြောင်းကြားမှုစနစ်ဆိုင်ရာ ပြဿနာများအပေါ် ဆွေးနွေးညှိနှိုင်ခဲ့ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ကထုတ်ပြန်သည်။

“အခုဆွေးနွေးခဲ့တာက လူသစ်ဘတ်တင်တာကိုဆွေးနွေးခဲ့တာမဟုတ်ပါဘူး။ထိုင်းနိုင်ငံမှာ ၂၀၂၀ ခုနစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စပြီး ရွှေ့ပြောင်းအလုပ်သမား ၁၈ သိန်းက စာရွက်စာတမ်းသက်တမ်းတိုးဖို့ ကိစ္စတွေကို အခုထိမပြီးပဲနဲ့ တန်းလန်းဖြစ်နေတာကို အဓိက ဆွေးနွေးခဲ့တာပါ” ဟု LRF အဖွဲ့၏ Organizer ကိုအောင်ကျော်က Migrant Times ကိုပြောကြားသည်။

ထိုဆွေးနွေးပွဲတွင် အလုပ်ရှင်များ၊ နိုင်ငံခြားသားအလုပ်သမားများ၊ ပြည်နယ်အဆင့်အဖွဲ့များ၊ ILO ၊ IOM၊ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း(LRF) ၊ အလုပ်သမားရှာဖွေရေးရုံးနှင့် Outsource ကုမ္ပဏီများတက်ရောက်ခဲ့ကြပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ဥက္ကဌက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း LRF အဖွဲ့မှသိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန့်ကြားရေးမှူးချုပ်က ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေသည့် အခက်ခဲများအား စောင့်ကြည့်သည့် အလုပ်ကော်မတီဖွဲ့စည်းပြီး ဝိုင်းဝန်းဆောင်ရွက်ရန် ဆွေးနွေးပွဲတွင်ဂတိပေးသွားကြောင်း LRF အဖွဲ့ဝင်ကပြောကြားသည်။

ဆွေးနွေးပွဲတွင် အွန်လိုင်းစနစ်အပေါ်ရှိ ပြဿနာများကို ဆွေးနွေးခဲ့ကြပြီး သုံးစွဲသူများ ပိုမိုလွယ်ကူသည့် စနစ်အသစ်ကို ဒီဇင်ဘာလ အလယ်ပိုင်းမတိုင်ခင် ပြီးစီးရန် ရည်မှန်းထားကြောင်း တက်ရောက်ခဲ့သည့် LRF အဖွဲ့ကထုတ်ပြန်သည်။

Photo – โครงการนายจ้างสีขาวฯ