September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

တိုးရစ်ဗီဇာဖြင့် ဖွင့်ထားသော Bangkok Bank အကောင့်များ ယာယီ ပိတ်ခံထားရ

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ၏ အလည်အပတ် တိုးရစ်ဗီဇာဖြင့် ဖွင့်ထားသော အကောင့်များကို Bangkok Bank (ဘန်ကောက်ဘဏ်)က ယာယီ ပိတ်သိမ်းထားကြောင်း ကိုယ်တိုင်ကြုံနေရသူများက ပြောကြားသည်။

Bangkok Bank က အကောင့်အသုံးပြုသူအချို့အား ဩဂုတ်လ ၁၉ ရက်နေ့တွင် ဘဏ်အကောင့် ယာယီ ပိတ်သိမ်းကြောင်း ဖုန်းအပလီကေးရှင်းက တစ်ဆင့်အကြောင်းကြားခဲ့သည်။ မက်ဆေ့ရရှိသည့် ဘဏ်အကောင့်ပိုင်ရှင်မှ ရက် ၃ဝ အတွင်း အကောင့်ဖွင့်ခဲ့သည့် သက်ဆိုင်ရာဘဏ်ခွဲများသို့ ပတ်ပို့စ်နှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများဖြင့် လာရောက်ပြီး ဆက်လက်အသုံးပြုခွင့်လျှေက်ထားရန် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၁၉ ရက်နေ့တွင် Bangkok Bank မှ အသိပေးမက်ဆေ့ရရှိသူများသည် မိုဘိုင်းဖုန်းဖြင့် ငွေပေးချေခြင်း၊လွှဲပြောင်းခြင်းများ ရပ်ဆိုင်းခံထားရသည်။

၂ဝ၂၃ နှင့် ၂ဝ၂၄ ခုနှစ်များအတွင်း ဆေးကုသမှုခံယူရန် နှင့် အလည်အပတ်ဗီဇာဖြင့် ဘန်ကောက်ဘဏ်စာရင်းဖွင့်ထားသူများစွာ ယာယီပိတ်ခံနေရကြောင်း၊ ဘဏ်စာရင်းပြန်ဖွင့်နိုင်ရန်အတွက် အထောက်အထားအပြည့်အစုံဖြင့် ဘဏ်ခွဲသို့ သွားရောက်ရမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာတက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောကြားသည်။

“စာရွက်စာတမ်းတွေ ခိုင်မာရင် တစ်ပတ်အတွင်း ဘဏ်စာရင်း ပြန်ဖွင့်ပေးမယ်လို့ ဘဏ်က ပြောပါတယ်” ဟု ၎င်းက Migrant Times ကိုပြောသည်။

ဘဏ်မှ အကြောင်းကြားစာရရှိပြီးနောက် ဘဏ်ခွဲသို့ သွားရောက်ခဲ့သူတစ်ဦးကလည်း ပတ်စပို့၊ ဘဏ်စာအုပ်နှင့် အိမ်ငှားစာချုပ်တို့ကို ဘဏ်မှ တောင်းခဲ့ကြောင်းပြောကြားသည်။

၎င်းသည် ၂ဝ၂၄ ခုနှစ်အတွင်း Bangkok Bank ၌ တိုးရစ်ဗီဇာဖြင့် ငွေစုအကောင့်ဖွင့်ခဲ့သူဖြစ်ပြီး ၂ဝ၂၅ မတ်လတွင် အငြိမ်းစားဗီဇာသို့ ပြောင်းလဲခဲ့ကြောင်း၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ဘဏ်မှ အသိပေးစာ ရရှိပြီး ဘဏ်သို့သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်ကတစ်ဆင့်ရေးသားခဲ့သည်။

ထို့ပြင် ဘဏ်မှ ဝင်ငွေအရင်းအမြစ်နှင့် အလုပ်အကိုင်အကြောင်း အသေးစိတ်မေးမြန်းခဲ့ပြီး မြန်မာနှင့် ထိုင်းနှစ်နိုင်ငံလုံးရှိ ဆက်သွယ်ရန်အချက်အလက်များ၊ လုပ်ငန်းအသေးစိတ်အချက်အလက်များနှင့် ဝင်ငွေများ အသေးစိတ် ပါဝင်သည့်ဖောင်တစ်ခုကို ဖြည့်ခိုင်းခဲ့ကြောင်း၊ ဘဏ်ကိုယ်စားလှယ်က ပြန်လည်ဆက်သွယ်ပေးမည်ဟု ပြောခဲ့ကြောင်း ၎င်းကရေးသားခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် မတ်လကလည်း ထိုင်းနိုင်ငံအတွင်းသို့ အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်လာသော နိုင်ငံခြားသားများကို ဘဏ်တွင် ဘဏ်ငွေစာရင်းဖွင့်ခွင့် ယာယီရပ်ဆိုင်းလိုက်ကြောင်း Bangkok Bank ကထုတ်ပြန်ခဲ့ဖူးသည်။

အလားတူ ဘာသာစကား သင်တန်း ကာလတို ကျောင်းသားဗီဇာဖြင့် ဖွင့်လှစ်ထားသော နိုင်ငံခြားသားများ၏ ဘဏ်အကောင့်များကို ထိုင်းဘဏ်များမှ ပိတ်သိမ်းခဲ့သေးသည်။ ၂ဝ၂၅ ခုနှစ် ဧပြီလတွင်လည်း ဖုန်းဆင်းကတ်ပိုင်ရှင်အမည်နှင့် Mobile Banking ဖြင့်ချိန်ဆက်ထားသည့် ဖုန်းနံပတ်ပိုင်ရှင်အမည်မတူသူများအား ထိုင်းဘဏ်များမှအကောင့်များ ယာယီပိတ်သိမ်းခဲ့သည်။

ထိုင်းနိုင်ငံသည် Mobile Banking ဖြင့်နေ့စဉ် ငွေပေးချေမှုပြုလုပ်နေသည့် ထိပ်တန်းနိုင်ငံများတွင် ပါဝင်ပြီး ဘဏ်အကောင့်များ ယာယီ ပိတ်ခံထားရခြင်းကြောင့် နိုင်ငံတွင်းနှင့် နိုင်ငံတကာ ငွေပေးချေခြင်း၊ငွေလက်ခံခြင်းများတွင် အခက်အခဲရှိကြောင်း ထိုင်းရောက်မြန်မာ အချို့ကပြောကြားသည်။

Photo – Migrant Times
ချင်းမိုင်မြို့ရှိ ထိုင်းဘဏ်ခွဲတစ်ခု။