စက်တင်ဘာ ၁၅ ၊ Migrant Times ။
ထိုင်းနိုင်ငံတဝှမ်းတွင် မုတ်သုံလေအားကောင်းသည့် ဖြတ်သန်းမှုများကြောင့် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ မိုးသည်းထန်ပြီး ရေကြီးနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထားသည်။
မိုးလေဝသဌာနနှင့် ရေအရင်းအမြစ်ဆိုင်ရာ သတင်းအချက်အလက်ဌာနတို့၏ ခန့်မှန်းချက်များအရ စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ထိုင်းမြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသရှိ အချို့ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်။
စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဘန်ကောက်နှင့် ဒေသများစွာတွင် မိုးအလွန်သည်းထန်နိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ပြင် စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလအစောပိုင်းကြားတွင် အပူပိုင်းမုန်တိုင်း တစ်လုံး သို့မဟုတ် နှစ်လုံးကြောင့် မိုးရေချိန်ကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ခန့်မှန်းချက်ထုတ်ထားသည်။
ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၇ ရက် ၊ ၈ ရက်နေ့များကလည်း မိုးသည်းထန်မှုကြောင့် ဘန်ကောက်မြို့၊ စမွတ်ပရာကန်၊ ပတ္တရားမြို့နှင့် လရောင်မြို့နယ်များရှိ လမ်းအချို့ရေလွှမ်းမိုးခဲ့သည်။စက်တင်ဘာလ ၈ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ထိုင်းနိုင်ငံ ၊ စမွတ်ပရာကန်၌ အသက် ၁၇ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးသည် ရေကြီးနေသည့်လမ်းပေါ်တွင် ဆိုင်ကယ်တွန်းသွားရင်း လျှပ်စစ်ဝိုင်ယာကြိုးရှိသည့် ကွန်ကရစ်တုံးကိုကိုင်မိရာက ဓာတ်လိုက် သေဆုံးခဲ့သည်။
အလားတူ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်ရတ်ချာစီမာခရိုင်၊ ဖီမိုင်မြို့နယ်၊ ရန်ကာရိုင်ရပ်ကွက်၊ ဘန်ရန်ကာရိုင်တွင် စက်တင်ဘာလ ၈ ရက်နေ့၌ ရေကြီးချိန်တွင် ဆိုင်ကယ်မောင်းခဲ့သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရေထဲမျောပါသွားကာ သေဆုံးခဲ့သည်။
ဓာတ်ပုံ – Migrant Times
ချင်းမိုင်မြို့ ပင်းမြစ်တွင် မြစ်ရေကြီးမှုကာကွယ်ရေး တူးဖော်နေသည့်မြင်ကွင်း။