September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

အေဂျင်စီတွေကို ပိုမိုတင်းကြပ်ထားတဲ့အချက်တွေ ထုတ်ပြန်

အေဂျင်စီတွေကို ပိုမိုတင်းကြပ်ထားတဲ့အချက်တွေ ထုတ်ပြန်

ဇွန် ၁၈ ရက်
စကားဝါ၊ Migrant Times
  • ထိုင်းနိုင်ငံကို စေလွှတ်မယ့် အလုပ်သမားတွေမှအပ အခြားသော နိုင်ငံတွေကို အလုပ်သမားစေလွှတ်မယ့် အေဂျင်စီတွေ လိုက်နာရမယ့် အချက် ၇ ချက်ကို အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနက ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ပြည်ပကိုစေလွှတ်မယ့် အလုပ်သမားတွေကို Demand Letter အတုတွေနဲ့ စုဆောင်းခြင်း၊ သင်တန်းတက်ရောက်စေပြီး ငွေကြေးကြိုတင်ကောက်ခံထားပြီး အလုပ်သမားစေလွှတ်မှု မပြုခြင်း စတဲ့ ပြဿနာတွေကြောင့် ယခုအချက်တွေကို ထုတ်ပြန်ရတာဖြစ်တယ်လို့ သိရပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာ ဇွန်လ ၂၆ ရက်ကစပြီး ထိုင်းနိုင်ငံမှအပ အခြားသောနိုင်ငံတွေကို အလုပ်သမားစေလွှတ်မယ်ဆိုရင် EC စာချုပ်တွေကို မန်နေးဂျင်းဒါရိုက်တာကိုယ်တိုင်လက်မှတ်ထိုးပြီး ချုပ်ဆိုရန်၊ Demand Letter များကို သက်ဆိုင်ရာနိုင်ငံများက မြန်မာသံရုံးရဲ့ စိစစ်ပြန်ကြားမှုကို စောင့်ဆိုင်းရန်စတဲ့အချက်တွေ ပါဝင်ပါတယ်။
  • ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေကို အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတစ်ခုရဲ့ ဒါရိုက်တာက “ ဒါက အမြင်အရတော့ ကောင်းတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရဆိုရင်တော့ မှန်မှန်ကန်ကန်လုပ်နေတဲ့ အေဂျင်စီတွေအတွက် ခက်ခဲလာနိုင်တယ်။ ပုံမှန်လည်း ဒါတွေက ရှိပြီးသားဆိုပေမယ့် မလိုက်နာလို့ လူကုန်ကူးမှုတွေ၊ တရားမဝင်သွားလို့ အဖမ်းခံရတာတွေဖြစ်နေတာပေါ့။ အခုအတိုင်းဆိုရင် နဂိုကတည်းက under table (လာဘ်ပေးလာဘ်ယူ)ကြေးတွေနဲ့ သွားနေတဲ့သူတွေအတွက် ဘာမှထူးခြားနေတဲ့ ကန့်သတ်ချက်တော့ မဟုတ်ပါဘူး ” လို့ Migrant Times ကိုပြောပါတယ်။
  • အေဂျင်စီတွေကတစ်ဆင့် ပြည်ပကိုသွားရောက်မယ့် အလုပ်သမားတွေအနေနဲ့ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခြင်းနဲ့ပတ်သက်ပြီး ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)နဲ့ အေဂျင်စီတွေက တာဝန်ယူရမှာြဖစ်သလို သင်တန်းတက်ရောက်ပြီးတဲ့ အလုပ်သမားကို အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ အချိန်မီစေလွှတ်နိုင်ခြင်းမရှိရင် လိုင်စင်ရုတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ဆိုထားပါတယ်။ဒီလိုတင်းကြပ်မှုတွေကြောင့် အလုပ်သမားတွေအပေါ် လိမ်လည်မှုတွေ လျော့ကျသွားနိုင်ပြီး သင်တန်းပြီးဆုံးသွားတဲ့ အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံကို မသွားရတဲ့ အခြေအနေတွေ နည်းပါးသွားနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။
  • လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံနဲ့ ထိုင်းနိုင်ငံကတစ်ဆင့်သွားရောက်ရတဲ့ မလေးရှားနိုင်ငံကို တရားမဝင်လာရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏဆိုသလို ဖမ်းဆီးခံနေရပါတယ်။ဒါ့အပြင် ISP Myanmar ရဲ့ သုတေသနစစ်တမ်းတွေအရ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပြည်ပကို တရားဝင်ရော တရားမဝင်ပါ ပြောင်းရွေ့နေထိုင်ကြသူ လူဉီးရေ တစ်သန်းနီးပါး ရှိလာတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *