တောင်ငူမြို့အနီးတွင် ငလျင်လှုပ် မန္တလေးတွင် မိုးသည်းထန်ပြီး အဆောက်အအုံအချို့ ထပ်ပြို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ အနောက်မြောက်ဘက် (၄) မိုင်ခန့် အနက် ၁ဝကီလိုမီတာတွင် အင်အားပမာဏ ၃.၄ ရစ်(ခ်)တာစကေး ရှိ ငလျင်တစ်ခု ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၄၂ မိနစ်၌ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည်။

မန္တလေးမြို့အနီးတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ပြီးနောက် ဧပြီလ ၁၆ ရက်နေ့ နံနက်အထိ နောက်ဆက်တွဲ ငလျင် ၁၃၅ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုး၊ဇလထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အင်အားပြင်း ငလျင်ဒဏ် အဆိုးဆုံးခံရသည့် မန္တလေးမြို့တွင် ဧပြီလ ၁၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငလျင်ဒဏ်ထိ အဆောက်အအုံအချို့ ထပ်ပြိုခဲ့ကြောင့် မြို့ခံများက ပြောကြားသည်။

မန္တလေးမြို့တွင် ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်ကစကာ မိုးသည်းထန်မှုကြောင့် ၂၆ လမ်း၊ ၈ဝ-၈၁ လမ်းကြားရှိ ငလျင်ဒဏ်ထိ Fine Store သုံးထပ် အဆောက်အအုံ ပြိုကျခဲ့ကြောင်း ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရုပ်သံနှင့်ဖော်ပြသည်။

အလားတူ မန္တလေးမြို့ ၈၇ လမ်း၊ ၃၁-၃၂ လမ်းကြားရှိ သုံးထပ်ခွဲ အဆောက်အအုံတစ်ခု ဧပြီလ ၁၅ ရက်နေ့ ည ၁ဝ နာရီ ၁ဝ မိနစ်ချိန်ခန့် အချိန်တွင် ပြိုကျခဲ့ကြောင်း မီးသတ်တပ်ဖွဲဝင် တစ်ဦးမှသိရသည်။

ငလျင်ဒဏ် အဆိုးဆုံးခံရသည့် မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငလျင်ဘေးလွတ်ရာတွင် ယာယီမိုးကာတဲများဖြင့် အိပ်စက်နေရသူများ အခက်အခဲဖြစ်နေကြောင်း မြို့ခံတစ်ဦးကပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ ယနေ့ ဧပြီလ ၁၆ ရက်နေ့ မွန်းတည့်ချိန်အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း‌ဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးကြီးနိုင်သည်။

နောက် ၂ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်။

မန္တလေးမြို့အနီးတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ဧပြီလ ၁၄ ရက်နေ့အထိ သေဆုံးသူ ၃၇ဝ၆ ဦးရှိလာကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

Photo – ဒေသခံ / FB

မန္တလေးတွင် မိုးသည်းထန်ပြီး ပြိုကျခဲ့သည့် အဆောက်အအုံအချို့။

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်