ဘန်ကောက် ပြိုကျအဆောက်အအုံတွင် သေဆုံးသည့် မြန်မာ ၂ ဦးအား သင်္ဂြိုဟ်

လျော်ကြေး လက်ခံမည့် မိသားစုဝင်များ အထောက်အထား အခက်အခဲဖြစ်နေ ။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချာတူချတ် ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့သည်။
ဧပြီလ ၁၆ ရက်နေ့ အထိ သေဆုံးသူ ၄၄ ဦး၏ ရုပ်အလောင်းများရရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
သေဆုံးသူ ၄၄ ဦး အနက် မြန်မာ ၂ ဦး၏ ရုပ်အလောင်းများ ထုတ်ယူကာ ဘုန်းတော်ကြီးကျောင်းတွင် သင်္ဂြိုဟ် ပြီးစီးပြီး ဖြစ်ကြောင်း ထိုင်း-မြန်မာ ဘာသာပြန်/ စကားပြန်များအသင်း (TMIA) ဝင်တစ်ဦးက Migrant Times ကိုပြောကြားသည်။
စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံး ထိခိုက်ခဲ့သည့် မြန်မာများ၏ လျော်ကြေးရရှိရေး လက်ခံမည့် မိသားစုဝင်များ အထောက်အထား အခက်အခဲဖြစ်နေ ကြောင်း သိရသည်။
“ မြန်မာပြည်သားတွေရဲ့ ဆွေမျိုးတွေက ထိုင်းနိုင်ငံလာဖို့ ပတ်ပိုစ့်မရှိသေးတာ ၊ ထိုင်းထဲက ဆွေမျိုးတွေကလည်း တရားဝင်အလုပ်သမား မဟုတ်တာ၊ ထိုင်းဘဏ် မရှိသေးတာ အဲဒါလေးတွေ လက်ရှိမှာ လိုအပ်နေသေးတယ်” ဟု TMIA အဖွဲ့ဝင်ကပြောသည်။
TMIA အဖွဲ့အနေဖြင့် သေဆုံး ထိခိုက်ခဲ့သည့် မြန်မာများ၏ နစ်နာကြေး ရရှိရန် သက်ဆိုင်ရာ ထိုင်းအစိုးရရုံး နှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း သိရသည်။
ထိုင်းသတင်းများအရ သေဆုံးသူ တစ်ဦးအတွက် ဘန်ကောက်ခရိုင်ရုံးက ဘတ်တစ်သိန်း ၊ ပကန်စခွန် လူမူဖူလုံရေးရုံးက ဘတ် တစ်သန်းထိ လျော်ကြေားပေးမည်ဟု သိရသည်။
သို့သော်လည်း လျော်ကြေးရရှိမည့် ပမာဏ ကိုအတိအကျ မသိရသေးကြောင်း မြန်မာအလုပ်သမား အရေးကူညီသူများက Migrant Times ကိုပြောသည်။
“ လူမူဖူလုံရေးရုံးက ဘယ်လိုသတ်မှတ်မလဲ မသိသေးဘူး ၊ အထောက်အထားမရှိ အလုပ်သမားဆိုရင်ကရော အထောက်အထားရှိသူနဲ့ တန်းတူရမလားပေါ့” ဟု WAG Myanmar အဖွဲ့ဝင်တစ်ဦးကပြောသည်။
ဧပြီလ ၁၆ ရက်နေ့ အထိ တွေ့ရှိထားသည့် သေဆုံးသူ ၄၄ ဦး၏ ရုပ်အလောင်းများအနက် ၃၃ ဦးအား စစ်ဆေးကြည့်ရာ ထိုင်းလူမျိုး ၂၂ ဦး ၊ မြန်မာနိုင်ငံသား ၁ဝ ဦးနှင့် တစ်ဦးမှာ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ဗဟိုမှုခင်းသိပ္ပံအဖွဲ့က ဧပြီလ ၁၇ ရက်တွင်ထုတ်ပြန်သည်။
ကျန်ရှိ ၁၁ ဦး၏ ရုပ်အလောင်းများအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခြင်းမရှိသေးပါ။
အလောင်း သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်း ၄၁ ခု၊ လူ့အကြွင်းအကျန် ၉၆ ခုကို လက်ခံရရှိထားကာ ပျောက်ဆုံးနေသူများ၏ ဆွေမျိုး ၉၇ ဦးထံမှ DNA နမူနာများကိုလည်း နှိုင်းယှဉ်ရန် စုဆောင်းထားကြောင်း ဗဟိုမှုခင်းသိပ္ပံအဖွဲ့ကပြောသည်။
အချို့အလောင်းများသည် ဆွေးမြေ့ခြင်းနှင့် အစိတ်စိတ်အမွှာမွှာဖြစ်နေခြင်းကြောင့် စစ်ဆေးအတည်ပြုသည့် လုပ်ငန်းစဉ်မှာ ပိုမိုကြာမြင့်နိုင်ကြောင်း၊ အရိုးများမှ DNA ထုတ်ယူရန် လိုအပ်ပြီး နောက်ထပ် ၁-၂ ရက် ကြာမြင့်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုများ ထိုင်းနိုင်ငံသို့ လာရောက်နိုင်ခြင်းမရှိပါက မြန်မာသံရုံးနှင့် ပူးပေါင်း၍ ဆွေမျိုးများထံမှ DNA နမူနာများ စုဆောင်းရန် ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုမှုခင်းသိပ္ပံအဖွဲ့ထုတ်ပြန်သည်။
ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) က စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ရာတွင် စုစုပေါင်း လူ ၁ဝ၃ ဦး ထိခိုက်ခဲ့ကြောင်းထုတ်ပြန်သည်။
၎င်းတို့အနက် ဧပြီလ ၁၆ ရက်နေ့ထိ ၄၄ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၅ဝ ဦး မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
ပျောက်ဆုံးနေသူ ၅ဝ ဦးတွင် မြန်မာအလုပ်သမားများ ပါဝင်နိုင်ကြောင်း မြန်မာအလုပ်သမား အရေးကူညီသူများက Migrant Times ကို ပြောသည်။
- Migrant Times
Photo – The Reporter