တရုတ်အလုပ်သမားများအား ကျောင်းသားဗီဇာ ထုတ်ပေးခြင်းမရှိကြောင်း ထိုင်းတက္ကသိုလ် ၃ ခု ငြင်းဆို

ထိုင်းနိုင်ငံ တစ်ဝှမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လျှို့ဝှက်စွာ အလုပ်လုပ်နေသော တရားမဝင်
တရုတ်အလုပ်သမားများအား ကျောင်းသားဗီဇာ ထုတ်ပေးခြင်းမရှိကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တက္ကသိုလ် သုံးခုက ငြင်းဆိုလိုက်သည်။

“ รู้ทันจีน “ (တရုတ်ကို သိရှိနားလည်ခြင်း) ဖေ့စ်ဘွတ် သတင်းစာမျက်နှာက ဧပြီ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ တက္ကသိုလ်အချို့သည် ကျောင်းသားအဖြစ် အမှန်တကယ် စာရင်းသွင်းထားခြင်းမရှိသော တရုတ်နိုင်ငံသားများအား ကျောင်းသားဗီဇာများ ထုတ်ပေးနေကြောင်း ရေးသားခဲ့သည်။

တရုတ်နိုင်ငံသားများအား ကျောင်းသားဗီဇာများ ထုတ်ပေးပြီး ထိုင်းနိုင်ငံတွင် နေထိုင်၍ တရားမဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိစေခဲ့သည်ဟု စွပ်စွဲခဲ့သည်။

“ รู้ทันจีน” စာမျက်နှာက ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ရှိ Phayap University ၊ North-Chiang Mai University နှင့် လမ်ဖွန်းရှိ Mahachulalongkornrajavidyalaya University သုံးခုက ပါဝင်ပတ်သက်နေသည်ဟု ရေးသားခဲ့သည်။

ကျောင်းသားဗီဇာ ဝန်ဆောင်မှုအတွက် ကြော်ငြာကို တရုတ်လူမှုမီဒီယာ ပလက်ဖောင်းဖြစ်သော Xiaohoshu မှတစ်ဆင့် မျှဝေခဲ့သည်ဟု သတင်းရရှိပြီး DailyNews ၏ အဆိုအရ တရုတ်နိုင်ငံသားများသည် ဗီဇာတစ်ခုလျှင် ဘတ် ၁ဝ,ဝဝဝ ပေးချေရန် လိုအပ်သည်။

ကျောင်းသားဗီဇာရရှိသူအများစုသည် ၎င်းတို့ စာရင်းသွင်းထားသည်ဟု ယူဆရသော ကျောင်းများသို့ တစ်ကြိမ်တစ်ခါမျှ တက်ရောက်ခြင်းမရှိဘဲ နိုင်ငံတစ်ဝှမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြသည်ဟု ဆိုသည်။

အဆိုပါသတင်းသည် ထိုင်းလူမှုကွန်ရက်သုံးစွဲသူများအကြား လျင်မြန်စွာ ပြန်နှံခဲ့ပြီး သက်ဆိုင်ရာ တက္ကသိုလ်များထံမှ ရှင်းလင်းချက်များ တောင်းဆိုခဲ့ကြသည်။

အချို့ တက္ကသိုလ်အရာရှိများအား နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတကာယုံကြည်မှုကို ထိခိုက်စေသည်ဟု ရှုတ်ချခဲ့ကြသည်။

သတင်းအား တုံ့ပြန်သည့်အနေဖြင့် တက္ကသိုလ်သုံးခုလုံးက တရားဝင်ထုတ်ပြန်ချက်များဖြင့် စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

တက္ကသိုလ်သုံးခုလုံးက နိုင်ငံတကာကျောင်းသားများအတွက် ကာလတိုသင်တန်းများ ဖွင့်လှစ်ပေးပြီး လျှောက်ထားမှုများ၏ ကိုယ်ရေးအချက်အလက်များကို သေချာစွာ စစ်ဆေးကြောင်း ထုတ်ပြန်သည်။

တက္ကသိုလ်များက ကျောင်းသားများအား အတန်း တက်ရောက်မှုကို အနီးကပ်စောင့်ကြည့်ပြီး ပျက်ကွက်သော ကျောင်းသားများ၏ ဗီဇာကို ပယ်ဖျက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လမ်ဖွန်းရှိ မဟာချူလာလောင်ကွန် ရာဂျဗိသျာလာယ တက္ကသိုလ်က လူဝင်မှုကြီးကြပ်ရေးဌာနသို့ အထူးဝန်ဆောင်မှု မပေးကြောင်းနှင့် ကျောင်းသားဗီဇာအတွက် အပိုကြေးငွေ ကောက်ခံခြင်းမရှိကြောင်း ထပ်မံ ရှင်းလင်းခဲ့သည်။

မဟာချူလာလောင်ကွန် ရာဂျဗိသျာလာယ တက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဖရာထက်ဝတ်ချာရာဆန်ဘန်ဒစ်က ယခင်က ဗီဇာအလွဲသုံးစားလုပ်မှုအတွက် နိုင်ငံခြားသားကျောင်းသား ၂၈ ဦးကို ဗီဇာပယ်ဖျက်ကာ ပြန်ပို့ခဲ့ကြောင်း ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တရုတ်နိုင်ငံသားများအား ဖမ်းဆီးမှုများရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် မကြာခဏ ဖော်ပြခဲ့သည်။

သို့သော် အဖမ်းခံရသူများ ကိုင်ဆောင်ထားသော ဗီဇာအမျိုးအစားကို အာဏာပိုင်များက ရှင်းလင်းပြောကြားခြင်း မရှိခဲ့ပါ။

ပြီးခဲ့သည့် နှစ်ပတ်ခန့်ကလည်း ချွန်ဘူရီတွင် တရုတ်အမျိုးသားတစ်ဦးကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ တရားမဝင်ကြီးကြပ်နေသည့်အတွက် ဖမ်းဆီးခဲ့သည်။

အလားတူ ဖူးကက်တွင် တရုတ်နိုင်ငံသားရှစ်ဦးကို လုပ်ငန်းခွင်တစ်ခု၌ ဖမ်းဆီးခဲ့ပြီး၊ မတ်လအတွင်းအခြားလုပ်ငန်းခွင်တစ်ခုတွင်လည်း တရုတ်နိုင်ငံသား လေးဦးကို ဖမ်းဆီးခဲ့သည်။

Ref/Photo – The Thaiger

Similar Posts