ထိုင်းနိုင်ငံသား မှတ်ပုံတင် ၁ဝ နှစ်ကျော် အသုံးပြုသည့် ပါကစ္စတန် နိုင်ငံသားကို ဘန်ကောက်တွင်ဖမ်း

သေဆုံးပြီးသော ထိုင်းနိုင်ငံသားတစ်ဦး၏ မှတ်ပုံတင်ကတ်ကို အသုံးပြု၍ ထိုင်းနိုင်ငံတွင် ၁ဝ နှစ်ကျော် ကျော်ကြာ နေထိုင်ခဲ့သော အသက် ၄၁ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသားတစ်ဦးကို ထိုင်းရဲများက ဖမ်းဆီးခဲ့သည်။
မစ္စတာ ဇီရှန်ဟုအမည်ရသည့် ပါကစ္စတန်နိုင်ငံသားသည် ထိုင်းနိုင်ငံသားတစ်ဦး၏ မှတ်ပုံတင်ကတ်ကို အသုံးပြုနေကြောင်း မကြာသေးမီက တွေ့ရှိခဲ့ပြီး သေဆုံးခဲ့သည့်ထိုင်းလူမျိုးအား ဆွေမျိုးများက သက်ဆိုင်ရာထံ သတင်းပို့ခဲ့ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
မစ္စတာ ဇီရှန်သည် ထိုင်းနိုင်ငံသားတစ်ဦးအဖြစ် နေထိုင်ခဲ့ပြီး ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသော အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များကို ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့ ၊ရာဇဝတ်မှုနှိမ်နင်းရေးဌာန ကွပ်ကဲရေးမှူးက မစ္စတာ ဇီရှန်သည် အတုပြုလုပ်ထားသော မှတ်ပုံတင်ကတ်ကို အသုံးပြု၍ နိုင်ငံကူးလက်မှတ် ရယူခဲ့ကြောင်း၊ ထိုနိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံသို့ အကြိမ် ၁ဝဝ ကျော် ဝင်ထွက်ခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။
ယင်းအချက်များကို အတည်ပြုပြီးနောက် စုံစမ်းစစ်ဆေးရေးအရာရှိများသည် သက်သေအထောက် အထားများ စုဆောင်း၍ တရားရုံးထံမှ ဖမ်းဝရမ်း တောင်းခံခဲ့သည်။

လုံလောက်သော သက်သေအထောက်အထားများဖြင့် ရာဇဝတ်မှုနှိမ်နင်းရေးဌာန အရာရှိများသည် ဧပြီလ ၂၄ ရက်နေ့တွင် ဘန်ကောက်မြို့ ထွန်ခရူဒေသရှိ နေအိမ်တွင် မစ္စတာ ဇီရှန်အား ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခဲ့သည်။
ပါကစ္စတန်နိုင်ငံသားသည် ထိုင်းနိုင်ငံသား မဟုတ်ဘဲ အိုင်ဒီကတ်ကို အသုံးပြုခြင်း၊ နိုင်ငံသားမှတ်ပုံတင်စနစ်တွင် ထိုင်းနိုင်ငံသားဖြစ်ကြောင်း မှားယွင်းစွာ ဖော်ပြခြင်း၊ တရားဝင် စာရွက်စာတမ်းများတွင် မှားယွင်းသော အချက်အလက်များ ပေးအပ်ခြင်း၊ စာရွက်စာတမ်းများ အတုပြုလုပ်ခြင်းနှင့် အတုပြုလုပ်ထားသော စာရွက်စာတမ်းများ အသုံးပြုခြင်း၊ နိုင်ငံကူးလက်မှတ် အတုပြုလုပ်ခြင်းနှင့် အသုံးပြုခြင်းတို့အပါအဝင် စွဲချက်များစွာဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
သို့သော် မစ္စတာ ဇီရှန်သည် စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားကြောင်း၊မစ္စတာ ဇီရှန်အား ဥပဒေကြောင်းအရ အရေးယူရန် နှင့် စာရွက်စာတမ်း အတုပြုလုပ်မှုတွင် ပါဝင်ပတ်သက်သူများကို တရားစွဲဆိုရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ကိုင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့ ၊ရာဇဝတ်မှုနှိမ်နင်းရေးဌာနကထုတ်ပြန်သည်။
Ref/Photo – Khaosod