ဘန်ကောက်ရှိ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသည့် မြန်မာတစ်ဦးကို သင်္ဂြိုဟ်

မတ်လ ၂၈ ရက်နေ့က ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူချက်စျေးအနီးရှိ စာရင်စစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးကို ထပ်မံသင်္ဂြိုဟ်ခဲ့ကြောင်း WAG Myanmar အဖွဲ့မှသိရသည်။
သေဆုံးခဲ့သည့် မြန်မာအလုပ်သမား မောင်နိုင်ထက်လင်း၏ ရုပ်အလောင်းကို ဧပြီလ ၂၄ ရက်နေ့တွင် ချက်တူချက်ရှိ WAT SMAN NARI ဘုန်းကြီးကျောင်း၌ သင်္ဂြိုလ်ခဲ့ကြောင်း WAG Myanmar အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောကြားသည်။
WAG Myanmar အဖွဲ့က ဧပြီလ ၂၄ ရက်နေ့အထိ သင်္ဂြိုလ်ပေးခဲ့သည့် မြန်မာအလုပ်သမား ၅ ဦးရှိပြီဖြစ်ကြောင်း သူကဆက်ပြောသည်။
မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်မှုကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး မြန်မာအလုပ်သမားများ အပါအဝင် ၁ဝ၃ ဦးပျောက်ဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များကထုတ်ပြန်ခဲ့သည်။
ထိုင်းမီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့၏ ဧပြီလ ၂၄ ရက်နေ့စာရင်းအရ စာရင်စစ်ရုံး အဆောက်အ အုံ ပြိုကျမှုတွင် ပျောက်ဆုံး နေသူ ၁ဝ၃ ဦးအနက် သေဆုံးသူ ၅၆ ဦး၏ ရုပ်အလောင်းများ တွေ့ရှိထားသည်။
ပြိုကျအဆောက်အအုံ ဇုန်များ အတွင်း ပျောက်ဆုံးသူ ၃၈ ဦးခန့်ကျန်ရှိနိုင်ပြီး ၉ ဦးကိုဆေးရုံသို့ပို့ဆောင်ထားကြောင်း ကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်သည်။
သေဆုံးသူ ၅ဝကျော်၏ ရုပ်အလောင်းများအနက် ၃၄ ဦးသည် မြန်မာအလုပ်သမားများဖြစ်ကြောင်း အလုပ်သမား အရေးကူညီသူများက Migrant Times ကိုပြောသည်။
အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ တစ်ဦးအတွက် DNA မှန်ကန်သည့် မိသားစုဝင်များကို ဘန်ကောက်ခရိုင်ရုံးက ဘတ်တစ်သိန်း ၊ ပကန်စခွန် လူမူဖူလုံရေးရုံးက ဘတ် တစ်သန်းထိ လျော်ကြေးပေးမည်ဟု မြန်မာအလုပ်သမား အရေးကူညီသူများမှသိရသည်။
အဆောက်အအုံပြိုကျမှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ ကျန်ရှိမိသားစုဝင်များ လျော်ကြေးရရှိရေး စာရွက်စာတမ်း အခက်အခဲအချို့ရှိနေကြောင်း WAG Myanmar အဖွဲ့ဝင်က Migrant Times ကိုပြောကြားသည်။
Photo – WAG