ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာ KTV ကိုရဲ၀င်ဖမ်း ဆေးပြားများ နှင့်လက်နက်တွေ့ရှိ

ထိုင်းနိုင်ငံ၊စမွတ်စခွန်ပြည်နယ် မဟာချိုင်မြို့ ထာဂျင်ဆိပ်ကမ်း အနီးရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အထူးသီးသန့် ၀န်ဆောင်မှုပေးနေသည့် Mahachai Entertainment Complex မဟာချိုင် ဘက်စုံဖျော်ဖြေရေး အဆောက်အအုံ တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့ညနေပိုင်းတွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆေးပြားများ နှင့်လက်နက်တွေ့ရှိခဲ့သည်။

ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စမွတ်စခွန် ပြည်နယ်ဝန်ကြီးချုပ် နရစ် နီရမာရာဝေါင်းသည် အလုပ်သမားဝန်ကြီးဌာန စစ်ဆေးရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် သက်ဆိုင်ရာ အေဂျင်စီများမှ အရာရှိ ၂၀၀ ကျော်နှင့်အတူစစ်ဆေးခဲ့ ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ထိုနေရာသည် မြန်မာနိုင်ငံသားများ ငှားရမ်းထားသည့် KTV ဖျော်ဖြေရေးနေရာအဖြစ် လျှို့ဝှက်လုပ်ကိုင်နေသော ဂိုဒေါင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

အဆောက်အအုံအတွင်း ဘား၊ ကာရာအိုကေနှင့် မြန်မာနိုင်ငံသားများအတွက်သာ သီးသန့်ထားရှိသည့် စနူကာစားပွဲများ ပါဝင် ကြောင်း၊ဝန်ဆောင်ခမှာ တစ်နာရီလျှင် ဘတ် ၂၅၀ ဖြစ်ပြီး၊ နှစ်နာရီဝန်ဆောင်မှုရယူသူများအတွက် တစ်နာရီအခမဲ့ ပေးထားကာ VIP အခန်းများတွင် မူးယစ်ဆေးဝါးများလည်း ရရှိနိုင်ကြောင်းသတင်းကဆိုသည်။

စစ်ဆေးရေးအဖွဲ့သည် ဆိုဖာကုလားထိုင်များနှင့် အဆောက်အဦးတစ်ခုလုံးရှိ အမျိုးမျိုးသော ပုန်းကွယ်ရာနေရာများတွင် ဖျောက်ထားသော မက်သဖက်တမင်း ဆေးပြားများကို တွေ့ရှိခဲ့သည်။

ထိုအဆောက်အဦးအတွင်းကျည်ဆန်ပါသော လက်နက်များကိုလည်း တွေ့ရှိခဲ့ပြီး ကနဦးတွင်တရားမဝင်လုပ်ရပ်များနှင့် ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

မဟာချိုင် ဘက်စုံဖျော်ဖြေရေးအဆောက်အအုံနှင့် ပတ်သက်ပြီး တည်နေရာ၊ အဆောက်အဦး၊ အိမ်ရှင် နှင့် အိမ်ငှားသူများကို လိုအပ်ပါကဥပဒေနှင့်အညီ ပိတ်သိမ်းဖို့ အမိန့်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း စမွတ်စခွန်ခရိုင် ရဲတပ်ဖွဲ့မှူး က ပြောသည်။

Ref & Photo – Khasod

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်