ဘန်ကောက်ရှိ ပြိုကျအဆောက်အအုံတွင် သေဆုံးသူ ၆ဝ ဦးထိတိုးလာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်စျေးအနီးရှိ ငလျင်ကြောင့် ပြိုကျခဲ့သော အထပ် ၃ဝ ရှိအဆောက်အအုံအပျက်အစီးများအောက်မှ ရုပ်အလောင်း ၃ လောင်းကို ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူ စုစုပေါင်း ၆ဝ ဦးထိတိုးလာကြောင်း ထိုင်းသတင်းက ရေးသားသည်။
ရုပ်အလောင်းများကို ပြိုကျခဲ့သော စာရင်းစစ်ရုံး (SAO) အဆောက်အအုံ၏ မီးဘေးလွတ်ရာ လှေကားထစ် ဧရိယာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့အနီး၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်၏ သက်ရောက်မှုကြောင့် ဘန်ကောက်မြို့ရှိ စာရင်းစစ်ရုံး (SAO) အဆောက်အအုံပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ဧပြီလ ၂၆ ရက်နေ့အထိ တစ်လနီးပါးအကြာ ဆက်လက်ရှာဖွေနေကြသည်။
အဆိုပါ အဆောက်အအုံသည် ဆောက်လုပ်ဆဲအချိန်ဖြစ်ခြင်းကြောင့် အလုပ်သမား ၁ဝဝ ကျော်ပိတ်မိခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေး (BMA) ၏ အစီရင်ခံချက်အရ သိရသည်။
ဧပြီလ ၂၆ ရက်နေ့အထိ ၆ဝ ဦး သေဆုံးကြောင်း အတည်ပြုပြီးဖြစ်ကာ ၃၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများ၏ ရုပ်အလောင်းများအနက် ၃၄ ဦးသည် မြန်မာအလုပ်သမားများဖြစ်ကြောင်း အလုပ်သမား အရေးကူညီသူများက Migrant Times ကိုပြောသည်။
အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ တစ်ဦးအတွက် မျိုးရိုးဗီဇ DNA မှန်ကန်သည့် မိသားစုဝင်များကို ဘန်ကောက်ခရိုင်ရုံးက ဘတ်တစ်သိန်း ၊ ပကန်စခွန် လူမူဖူလုံရေးရုံးက ဘတ်တစ်သန်းထိ လျော်ကြေးပေးမည်ဟု မြန်မာအလုပ်သမား အရေးကူညီသူများမှသိရသည်။
အဆောက်အအုံပြိုကျမှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ ကျန်ရှိမိသားစုဝင်များ လျော်ကြေးရရှိရေး စာရွက်စာတမ်း အခက်အခဲအချို့ရှိနေကြောင်း WAG Myanmar အဖွဲ့ဝင်က Migrant Times ကိုပြောကြားသည်။
Photo – Fire & Rescue Thailand
ဧပြီလ ၂၆ ရက်နေ့ ကယ်ဆယ်ရှင်းလင်းမှုမြင်ကွင်း။