ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာနိုင်ကြောင်း သတိပေး

ထိုင်းနိုင်ငံတွင် လာမည့်မိုးရာသီနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ (Covid 19 ) ကူးစက်မှုများ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ရောဂါထိန်းချုပ်ရေးဌာန (DDC) မှသတိပေးထုတ်ပြန်သည်။
ယခုနှစ်ဇန်နဝါရီ ၁ ရက်မှ မေလ ၈ ရက်အထိထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၄၁,၁၉၇ ဦးနှင့် သေဆုံးသူ ၁၅ ဦးရှိခဲ့ကြောင်း DDC မှသိရသည်။
မေလ ၄ ရက်မှ ၈ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၇,၀၁၃ ဦးရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်း DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ပါနူမတ်စ်က ပြောကြားသည်။
ကူးစက်မှုအများဆုံးကို အသက် ဝ-၄ နှစ်အရွယ် ကလေးများတွင် တွေ့ရှိရပြီး ထို့နောက် အသက် ၃ဝ-၃၉ နှစ်နှင့် ၂ဝ-၂၉ နှစ်အရွယ်များတွင် ဖြစ်ကာ သေဆုံးသူမှာ အသက် ၆ဝ ကျော်အရွယ် တစ်ဦးဖြစ်ကြောင်း သိရသည်။
ရောဂါဗေဒဆိုင်ရာ စောင့်ကြည့်လေ့လာမှုများအရ ကိုဗစ်-၁၉ သည် လူစုလူဝေးနှင့် ရာသီဥတုပြောင်းလဲမှုနှင့်အညီ ဆက်လက်ပျံ့နှံ့နေကြောင်း ဖော်ပြသည်။
မိုးရာသီအတွင်း ကူးစက်မှုများ မြင့်တက်လေ့ရှိသော်လည်း လတ်တလော အပတ်စဉ်ကိန်းဂဏန်းများအရ အနည်းငယ်ကျဆင်းသွားကြောင်း ဒေါက်တာ ပါနူမတ်စ်က ဆိုသည်။
တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ဇန်နဝါရီ ၁ ရက်မှ မေလ ၈ ရက်အထိ လူနာ ၃၂၂,၉၉၁ ဦးနှင့် သေဆုံးသူ ၄၃ ဦးရှိခဲ့ကြောင်း – လူဦးရေ ၁ဝဝ,ဝဝဝ တွင် ရောဂါဖြစ်ပွားမှုနှုန်း ၄၉၇.၅၈ ဦးဖြစ်ကြောင်း DDC စာရင်းအရသိရသည်။
စာရင်းအရ ပြီးခဲ့သည့် သင်္ကြန်ပွဲတော်အတွင်း (ဧပြီ ၁၃-၂၆) တွင် အနည်းငယ်မြင့်တက်ခဲ့သော်လည်း ထိုနောက်ပိုင်းတွင် ကျဆင်းလာခဲ့သည်။
ဒေါက်တာ ပါနူမတ်စ်က ကိုဗစ်-၁၉ ကူးစက်မှုသည် သင်္ကြန်ပွဲတော်မှ မိုးရာသီနှင့် ကျောင်းပြန်ဖွင့်ချိန်ကာလအထိ သိသာထင်ရှားသော မြင့်တက်မှုရှိနိုင်ကြောင်း ခန့်မှန်းသည်။
ပြည်သူများအား ကိုဗစ်-၁၉ နှင့် တုပ်ကွေးရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို တင်းကျပ်စွာ လိုက်နာရန်၊ အထူးသဖြင့် လူစုလူဝေးများသော နေရာများတွင် သတိထားရန်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ပြသနေသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန် ဒေါက်တာ ပါနူမတ်စ်က တိုက်တွန်းသည်။
ဒေါက်တာ ပါနူမတ်စ်က အများပြည်သူအား တစ်ကိုယ်ရေသန့်ရှင်းရေးကို ကောင်းမွန်စွာထိန်းသိမ်းရန်၊ လူစုလူဝေးနေရာများတွင် – ဥပမာ အများသုံးသယ်ယူပို့ဆောင်ရေး၊ ဆေးရုံများနှင့် သက်ကြီးစောင့်ရှောက်ရေးဌာနများတွင် နှာခေါင်းစည်းတပ်ဆင်ရန်နှင့် လက်ကို မကြာခဏဆေးကြောရန် အကြံပြုသည်။
ရောဂါလက္ခဏာများရှိသူများသည် ATK စမ်းသပ်မှုကို အသုံးပြုသင့်ပြီး ကိုဗစ်-၁၉ ကူးစက်မှုတွေ့ရှိပါကဆေးဝါးကုသမှု အမြန်ဆုံးရယူသင့်သည်ဟု ရောဂါထိန်းချုပ်ရေးဌာန (DDC) မှသတိပေးထုတ်ပြန်သည်။
သတင်း – Migrant Times
ကိုးကား – The Nation Thailand
ဓာတ်ပုံ – NHSO (2021 Archive)