ဘန်ကောက်ပြိုကျ အဆောက်အအုံတွင် ရုပ်အလောင်းရှာဖွေမှု ပြီးဆုံး

အပျက်အစီးများအတွင်း တွေ့ရှိသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို စစ်ဆေးမည်

မေ ၁ဝ ၊ Migrants Time ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြိုကျခဲ့သည့် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူရေး လုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က မေလ ၁ဝ ရက်နေ့တွင် ကြေညာသည်။

အဆိုပါအဆောက်အအုံ ပြိုကျမှုသည် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခဲ့သော ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့၏ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးရုံး ညွှန်ကြားရေးမှူး စုရိယာချိုင်းက မြေအောက်ထပ်အောက်ရှိ ဓာတ်လှေကား လမ်းကြောင်းများ အပါအဝင် နောက်ဆုံးကျန်ရှိသည့် နေရာများအားလုံးသို့ ရောက်ရှိစစ်ဆေးနိုင်ခဲ့ပြီး ဓာတ်လှေကား လမ်းကြောင်း ၆ ခုလုံးကို ဖွင့်လှစ်ပြီးနောက်တွင် မည်သည့် ရုပ်အလောင်းမျှ မတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ယခုအခါ အပျက်အစီးများအတွင်းမှတွေ့ရှိခဲ့သည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို စစ်ဆေးမည်ဖြစ်ပြီး၊ အကြွင်းအကျန်များ ရှာဖွေရန် K9 ခွေးအဖွဲ့ကို ဆက်လက်ချထားသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး စုရိယာချိုင်းက ပြောသည်။

မေလ ၉ ရက်နေ့ ၊ သောကြာနေ့တွင် အပျက်အစီးများအတွင်းမှ ဦးခေါင်းခွံအပိုင်းအစတစ်ခုကို တွေ့ရှိခဲ့ပြီးနောက် မေလ ၁ဝ ရက်နေ့၊ စနေနေ့နံနက်ပိုင်းတွင် အရိုးအပိုင်းအစ နှစ်ခုကို ထပ်မံတွေ့ရှိခဲ့သည်။

အဆိုပါအဆောက်အအုံ ပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၇ ဦးနှင့်ပတ်သက်၍ သတင်းထောက်များကမေးမြန်းရာတွင် ညွှန်ကြားရေးမှူး စုရိယာချိုင်းက တွေ့ရှိသည့် ရုပ်အကြွင်းအကျန်များကို မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ရှင်းပြခဲ့သည်။

မေလ ၁၅ ရက်နေ့တွင် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းခွင်အား ဘေးအန္တရာယ်ဇုန် သတ်မှတ်ချက်ကို ရုပ်သိမ်းကာ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်းသိရသည်။

မေလ ၁ဝ ရက်နေ့ ၊ စနေနေ့နံနက်ပိုင်းအထိ သေဆုံးသူဦးရေ ၈၉ ဦး၊ ဒဏ်ရာရသူ ၉ ဦး နှင့် ၇ ဦး ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။

မတ်လ ၂၈ ရက်၊ ငလျင်လှုပ်ချိန်က ၃ဝ ထပ်အဆောက်အအုံတွင် မရှိဘဲ ပျောက်ဆုံးနေခဲ့သော အလုပ်သမား ၄ ဦးကိုလည်း ထိုင်းအာဏာပိုင်များက မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ပြီး ထိုနေ့က အလုပ်မဆင်းသူများဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျရခြင်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးရန် ထိုင်းအစိုးရက ကော်မတီဖွဲ့ကာ စစ်ဆေးနေပြီး စာမျက်နှာ ၂,၀၀၀ မှ ၃,၀၀၀ ကြားရှိ အချက်အလက်များကို ဆက်လက်သုံးသပ်နေဆဲဖြစ်ကြောင်း ထိုင်းသတင်းကရေးသားသည်။

ရဲတပ်ဖွဲ့က ဆောက်လုပ်ဆဲအဆောက်အအုံ ပြိုကျမှုဖြစ်စေသည့် မသမာမှုကျူးလွန်သည်ဟု သံသယရှိသူ များအား ဖမ်းဝရမ်းထုတ်ရန် မျှော်လင့်ထားကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျမှုတွင် မြန်မာအလုပ်သမား ၃၄ ဦးခန့်သေဆုံးနိုင်ပြီး ကျန်ရှိမိသားစုဝင်များ သတ်မှတ်ထားသည့် လျော်ကြေးရရှိရေးအတွက် တင်ပြရန်လိုအပ်မည့် စာရွက်စာတမ်း အထောက်အထားများအား စနစ်တကျပြင်ဆင်ထားသင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားရေး ကူညီသူအချို့က Migrants Time ကိုပြောကြားသည်။

သတင်း – Migrant Times
ကိုးကား-Bangkok Post
ဓာတ်ပုံ – Fire & Rescue Thailand
မေလ ၁ဝ ရက်နေ့ တွင် စာရင်းစစ်ချုပ်ရုံး အဆောက်အအုံအား အပြီးသတ်ရှာဖွေရှင်းလင်းပြီး မြင်ကွင်း။

Similar Posts