September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ကန်ချနာဘူရီတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာ ၂၂ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ စန်းခလာဘူရီတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၂၂ ဦးကို ဖမ်းမိခဲ့သည်။

မေလ ၁၁ ရက်နေ့တွင် နယ်စပ်ဒေသမှ တရားမဝင်ဖြတ်ကျော်မှုများရှိကြောင်း သတင်းများရရှိပြီးနောက် Surasee Task Force နှင့် နယ်စပ်လုံခြုံရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းကရေးသားသည်။

အဆိုပါ တရားမဝင် ဝင်ရောက်လာသူများအား ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဝမ်ဂါမြို့နယ်ခွဲ၊ ဘန်ဒေါင်းစက်အနီးတွင် တွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံး တရားဝင်မှတ်ပုံတင်စာရွက်စာတမ်းများ မပါရှိကြောင်းသိရသည်။

လုံခြုံရေးအဖွဲ့ကစစ်ဆေးမှုများအရ မြန်မာ ၂၂ ဦးသည် စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန်အတွက် မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမှ မော်တော်ဆိုင်ကယ်များဖြင့် တောလမ်းကြောင်းများအတိုင်း ခရီးနှင်ခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်လက်သယ်ယူပို့ဆောင်ပေးမည့် လှေကို စောင့်ဆိုင်းနေကြောင်း၊ ကန်ချနာဘူရီနှင့် စမွတ်ဆာခွန်တို့တွင် အလုပ်လုပ်ရန် သွားရောက်ကြမည့်သူများဖြစ်ကြောင်း ၊ ပွဲစားများကို ရောက်ရှိချိန်တွင် ဘတ်ငွေ ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးရန် သဘောတူထားကြကြောင်းသိရသည်။

မြန်မာနိုင်ငံသား ၂၂ ဦးအား ဥပဒေအရ ဆောင်ရွက်နိုင်ရန် စန်းခလာဘူရီရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး တရားမဝင်ဝင်ရောက်မှုကို ကူညီဆောင်ရွက်ပေးသူများကို ဖော်ထုတ်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်းနယ်စပ်လုံခြုံရေးအဖွဲ့ကထုတ်ပြန်သည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သည့် မြန်မာများ မကြာခဏဖမ်းဆီးခံရမှုများရှိနေပြီး ပြီးခဲ့သည့် မေလ ၈ ရက်နေ့ညကလည်း ကလေးငယ်ပါဝင်သည့် မြန်မာအလုပ်သမား ၁၅ ဦးသည် တက်ခ်ပြည်နယ်၊ မေဂျာရောမြို့နယ် နယ်စပ်မှတဆင့် ထိုင်းနိုင်ငံတွင်း တရားမဝင်ဝင်ရောက်စဉ် ထိုင်းစစ်ဆင်ရေးအထူးတပ်ဖွဲ့ (၃၅)က ဖမ်းဆီးခဲ့သည်။

News – Migrant Times

Ref/Photo – Bangkok Post