ချင်းမိုင် စားသောက်ဆိုင်ရှိ မြန်မာ အလုပ်သမား ၂ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်ခွင့် ပါမစ် စည်းကမ်းဖောက်ဖျက်သည့် မြန်မာလုပ်သား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ မေလ ၁၆ ရက်နေ့တွင်ထုတ်ပြန်သည်။

လူဝင်မှုကြီးကြပ်ရေး စုံစမ်းရေးအဖွဲ့သည် မေလ ၁၅ ရက်နေ့တွင် ချင်းမိုင်မြို့၊ဖားဟမ်းရပ်ကွက်ရှိ လုပ်ငန်းများတွင် တရားမဝင် နိုင်ငံခြားသားများ ခိုးဝင်အလုပ်လုပ်နေကြောင်း သတင်းရရှိပြီးနောက် စစ်ဆေးခဲ့သည်။

စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အလုပ်လုပ်ရန် ခွင့်ပြုချက် ရရှိထားသော်လည်း အလုပ်ရှင်အမည်၊ အလုပ်လုပ်သည့်နေရာနှင့် အလုပ်အမျိုးအစားကို အလုပ်စဝင်သည့်နေ့မှစ၍ ၁၅ ရက်အတွင်း မှတ်ပုံတင်အရာရှိထံ အကြောင်းမကြားခြင်း စွဲချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံသား၂ ဦးသည် ထိုင်းအလုပ်ရှင်ထံတွင် ဥပဒေနှင့်အညီ အလုပ်လုပ်ခွင့် ပါမစ် ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သော်လည်း ယခုဆိုင်တွင် ထမင်းချက်လက်ထောက်အဖြစ် ၅ လကြာ ခိုးဝင်အလုပ်လုပ်ခဲ့ကြောင်းနှင့် တစ်လလျှင် ဘတ် ၁၃,ဝဝဝ လစာ ရခဲ့ကြောင်း၊ အလုပ်ရှင်နှင့် လုပ်ငန်းခွင် ပြောင်းလဲမှုကို လုံးဝ အကြောင်းမကြားခဲ့ကြောင်း ဝန်ခံခဲ့ကြသည်ဟု ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံသား၂ ဦးအား ဥပဒေအရ ဆက်လက် အရေးယူရန် မဲပင်း ရဲစခန်း ရှိ စုံစမ်းရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Migrant Times ၏သတင်းစုစည်းမှုအရ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင် ချင်းမိုင်မြို့လယ်ရှိ တရုတ်စားသောက်ဆိုင်၌ တရားမဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၇ ဦးကို ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

မေလ ၁ ရက်နေ့၊ နံနက်တွင် ချင်းမိုင်မြို့၌ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးအား အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေကြောင်းတွေ့ရှိပြီး ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကဖမ်းဆီးခဲ့သည်။

အလားတူ မေလ ၂ ရက်နေ့တွင်လည်း ချင်းမိုင်မြို့နယ်၊ချင်းဖူရပ်ကွက်တွင် မြန်မာနိုင်ငံသား အလုပ်ရှင်တစ်ဦးနှင့်မြန်မာအလုပ်သမား၅ ဦးအား အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းဖြင့်ဖမ်းဆီးခဲ့ သည်။

သတင်း – Migrant Times
ဓာတ်ပုံ – ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာန

Similar Posts