September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ဘန်ကောက်တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ၃ ဦးအတွက်ဘတ် ၃ သန်းလျော်ကြေးရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများအနက် ၃ ဦးအတွက် နစ်နာကြေးစုစုပေါင်း ဘတ် ၃ သန်း(ဘတ်သိန်း ၃ဝ)ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့်
WAG Myanmar အဖွဲ့မှသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ချက်တူချက်မြို့နယ်ရှိ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ငလျင်ကြောင့်ပြိုကျခဲ့ပြီး မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၉ဝ နီးပါးသေဆုံးခဲ့သည်။

ယမန်နေ့ မေလ ၁၆ ရက်နေ့တွင် Chana Rich Co.,td မှ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံပြိုကျမှုတွင်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအနက် ၃ ဦးစာအတွက် ဘတ်ငွေ(၃ဝ)သိန်းကို မိသားစုဝင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

သေဆုံးမြန်မာအလုပ်သမားတစ်ဦး လျှင်ကုမ္ပဏီကပေးသည့် နစ်နာကြေး ဘတ် ၁ သန်း(ဘတ် ၁ဝ သိန်း)သာရရှိသေးပြီး ပကန်စံခွန်ရုံးမှ နစ်နာ‌ကြေးထုတ်ယူနိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း WAG Myanmar အဖွဲ့မှသိရသည်။

စာရင်းစစ်ချုပ်ရုံး အဆောက်အအုံတွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများ၏ မိသားစုဝင်များအနေဖြင့် နစ်နာကြေးထုတ်ယူရန် အမြန်ဆုံးဆက်သွယ်ကြဖို့ WAG ကတိုက်တွန်းထားသည်။

စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျမှုတွင် မြန်မာအလုပ်သမား ၃၄ ဦးခန့်သေဆုံးနိုင်ပြီး ကျန်ရှိမိသားစုဝင်များ လျော်ကြေးရရှိရေးအတွက် စာရွက်စာတမ်း အထောက်အထားများအား စနစ်တကျပြင်ဆင်ထားသင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားရေး ကူညီသူအချို့က Migrant Times ကိုပြောကြားသည်။

ထိုင်းကယ်ဆယ်ရေးအဖွဲ့များ၏ မတ်လ ၁ဝ ရက်နေ့ ထုတ်ပြန်ချက်အရ ပြိုကျခဲ့သည့် စာရင်းစစ်ချုပ်ရုံး အဆောက်အအုံဇုန်များမှ သေဆုံးခဲ့သည့် ရုပ်အလောင်း ၈၉ လောင်းကိုတူးဖော်ရရှိခဲ့ပြီး ဒဏ်ရာရသူ ၉ ဦးရှိခဲ့သည်။

စာရင်းစစ်ချုပ်ရုံး အဆောက်အအုံဆောက်လုပ်ခဲ့သည့် Italian-Thai Development ကုမ္ပဏီ ဥက္ကဌပရမ်ချိုင်းအပါအဝင် ဝရမ်းထုတ်ခံထားရသည့် လုပ်ငန်းရှင် ၁၅ ဦးသည် မေလ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံလာရောက်အဖမ်းခံခဲ့သည်။

သတင်း – Migrant Times
Photo – WAG