ချင်းမိုင်တက္ကသိုလ်မှ ကျောင်းသား ၁ဝ ဦး လိမ်လည်ခံခဲ့ရပြီး ဘတ်သန်းချီပါသွား

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်(CMU) တွင် တက်ရောက်နေသည့် ကျောင်းသား ၁ဝ ဦးသည် တစ်ရက်အတွင်း လိမ်လည်ခံခဲ့ရပြီး စုစုပေါင်း ဘတ်ငွေသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကြောင်း CMU နှင့် ဒေသခံရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
လိမ်လည်မှုများသည် မေလ ၃၁ ရက်မှ ဇွန်လ ၂ ရက်အထိရုံးပိတ်ရက်အတွင်း ဖြစ်ပွားခဲ့ပြီး လိမ်လည်သူများသည် နှစ်ရက်အကြာ ဗီဒီယိုခေါ်ဆိုမှုများမှ တစ်ဆင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။
လိမ်လည်သူများသည် ကျောင်းသားနှင့် ၎င်း၏မိသားစုကို ယုံကြည်စေရန်အတွက် CMU နှင့် ဌာနအမည်ပါ စာရွက်စာတမ်းအတုများ၊ တက္ကသိုလ်ပါမောက္ခချုပ်၏ လက်မှတ်အတုများ အပါအဝင် စာရွက်စာတမ်းအတုများကို အသုံးပြုခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ချင်းမိုင်တက္ကသိုလ်မှ အမျိုးသားကျောင်းသားတစ်ဦးသည် လေးကြိမ်ခွဲ၍ ငွေများလွှဲပြောင်းရန် လိမ်လည်ခံခဲ့ရပြီး စုစုပေါင်း ဘတ် ၂ သန်းကျော် ဆုံးရှုံးခဲ့သည်။
ကျောင်းသား၏ မိသားစုများက ငွေများကို ဘတ် ၄၀၀,၀၀၀ မှ ၆၀၀,၀၀၀ ကြား အရစ်ကျ လေးကြိမ်ခွဲ၍ လွှဲပြောင်းပေးခဲ့ပြီး အချို့မှာ ချေးယူခဲ့ရကြောင်း၊ ထို့နောက် လိမ်လည်သူများနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း ပြောကြားသည်။
လိမ်လည်သူများက အမျိုးသမီးကျောင်းသူတစ်ဦးကိုလည်း ဓားတစ်ချောင်းယူဆောင်ကာ တွန်းလှည်းတစ်ခုနှင့်အတူ ရဲစခန်းသို့သွားရန် ညွှန်ကြားခဲ့သည်။
ထိုကျောင်းသူသည် တာဝန်ကျအရာရှိရှေ့တွင် ထိုင်နေစဉ် ရဲအရာရှိက တစ်ခုခုမှားယွင်းနေကြောင်း ရိပ်မိပြီး အခြေအနေကို ထိန်းချုပ်ကာ ဓားကို သိမ်းဆည်းခဲ့သည်ဟုသတင်းတွင်ဖော်ပြသည်။
ရဲတပ်ဖွဲ့က လိမ်လည်မှုများသည် ကျောင်းသားများအား ခြိမ်းခြောက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုများအသုံးပြုခဲ့ကြောင်း ပြောကြားသည်။
ကျောင်းသား ၁၀ ဦးအနက် ၅ ဦးမှာ တိုက်ရိုက်ကောလ်စင်တာ လိမ်လည်မှုများမှတစ်ဆင့် လိမ်လည်ခံခဲ့ရပြီး အခြားသူများမှာ အစိုးရအရာရှိအဖြစ် ဟန်ဆောင်ခြင်း၊ ဗီဒီယိုခေါ်ဆိုမှုများအတွင်း ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်းဖြင့် အတင်းအကျပ်ပြုလုပ်ခြင်းအပြင် ပညာသင်ဆုအတု ကမ်းလှမ်းခြင်းစသည့် နည်းလမ်းများ အသုံးပြုကာလိမ်လည်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ထို့ပြင် လိမ်လည်မှုများတွင် အတုအယောင် အချိန်ပိုင်းအလုပ် ကမ်းလှမ်းမှုများ နှင့် အွန်လိုင်းမှ ကုန်ပစ္စည်းအတုရောင်းချမှုများ ပါဝင်ကြောင်းသိရသည်။
လတ်တလောတွင် ရဲတပ်ဖွဲ့က ဆက်စပ်ဘဏ်အကောင့်များကို ပိတ်ထားကာ ငွေကြေးလွှဲပြောင်းမှုများကို ခြေရာခံနေပြီး အချို့ငွေများကို ပြန်လည်ရရှိခဲ့သော်လည်း အမှုအားလုံးကို မဖြေရှင်းနိုင်သေးကြောင်း ထိုင်းသတင်းကရေးသားသည်။
ဘတ် ၂ သန်း အလိမ်ခံရသည့် အမှုတွင် ကျောင်းသားမိသားစုက ဘဏ်အကောင့်နှင့် ဖုန်းနံပါတ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သော်လည်း အကောင့်ပိုင်ရှင်က ရဲခေါ်စာကို စောင့်ဆိုင်းနေသည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရသိရသည်။
ကောလ်စင်တာ လိမ်လည်မှုများ ဆက်လက်ရှိနေခြင်းကြောင့် ကျောင်းသားများနှင့် ၎င်းတို့၏မိသားစုများ သတိထားရန် ရဲတပ်ဖွဲ့က အကြံပြုထားသည်။
News – Migrant Times
Ref – Bangkok Post
Photo – CMU