ကန်ချနပူရီတွင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည့် မြန်မာ ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနပူရီခရိုင်၊ ထားမခါမြို့နယ်၊ အူလုတ်ဆီမုန်ရပ်ကွက်တွင် ဆံပင်ညှပ်ဆိုင်နှစ်ဆိုင်ကို စစ်ဆေးခဲ့ပြီး မြန်မာ ၃ ဦးကိုဖမ်းဆီးခဲ့ကြောင်း ကန်ချနပူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူးရုံး မှထုတ်ပြန်သည်။
ကန်ချနပူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူးရုံး ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံသားများ တရားမဝင် ဆံပင်ညှပ်ဆိုင်များ ဖွင့်လှစ်ထားကြောင်း လူမှုကွန်ရက် မီဒီယာမှ သတင်းရရှိပြီးနောက် ဇွန်လ ၈ ရက်တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသားတို့၏ အသက်မွေးဝမ်းကြောင်းကို လုယူမှုဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
ပထမဆံပင်ညှပ်ဆိုင်တွင် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော အသက် ၂၀ နှစ်အရွယ် အမျိုးသားနှင့် အသက် ၂၉ နှစ်အရွယ်အမျုးသမီးတို့ကို ဖောက်သည်များကို ဝန်ဆောင်မှုပေးနေသည်ကို တွေ့ရှိရကြောင်း၊ ပန်းသခင်ဟုအမည်ပေးထားသည့် ဒုတိယဆိုင်တွင် အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသား လိင်ပြောင်းထားသူ ဆိုင်ပိုင်ရှင်အား ဖောက်သည်တစ်ဦးကို ခေါင်းလျှော်ပေးနေသည်ကို တွေ့ရကြောင်းစစ်ဆေးရေးအဖွဲ့ကပြောသည်။
ဆံပင်ညှပ်ဆိုင်နှစ်ဆိုင်မှ ဖမ်းဆီးရမိသူ သုံးဦးစလုံးသည် လုပ်ငန်းလိုင်စင်မရှိကြောင်း ဝန်ခံခဲ့ပြီး ထားရွမ် ရဲစခန်းသို့ ပို့ဆောင်ကာ တရားမဝင်အလုပ်လုပ်ကိုင်မှုနှင့် တားမြစ်ထားသော အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်မှုများဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
News – Migrant Times
Ref/Photo – MGR Online