နိုဝင်ဘာ 3, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ကန်ချနဘူရီတွင် ကားအတွင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၂၉ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီမြို့တွင် ရဲတပ်ဖွဲ့က မည်သည့်စာရွက်စာတမ်းမှ မပြနိုင်သော မြန်မာနိုင်ငံသား ၁၂ ဦး အားကားတစ်စီးအတွင်း တွေ့ရှိသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်တွင် ကန်ချနဘူရီ၊ ထားမခမ်းရပ်ကွက် မီးရထားလမ်းဆုံတွင် ရဲတပ်ဖွဲ့က Honda Jazz ကားတစ်စီးအား စစ်ဆေးရာ ကားအတွင်း၌ ပြည့်ကျပ်စွာလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦးကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကားအား မောင်းနှင်သူသည် မြန်မာနိုင်ငံသား ၁ ဦးဖြစ်ပြီး ၎င်းသည်မြန်မာနိုင်ငံသား ၁၂ ဦးအား တစ်ဦးလျှင် ဘတ်ငွေ ၂,၀၀၀ နှုန်းဖြင့် ရာချဘူရီပြည်နယ်၊ ဘန့်ပုံမြို့နယ်သို့ပို့ဆောင်ရန်အတွက် ငှားရမ်းခံရကြောင်း သိရသည်။

၎င်းသည် လွန်ခဲ့သည့် ၅ ရက်ခန့်ကလည်း မြန်မာလုပ်သား ၇ ဦးကို တရားမဝင် သယ်ယူပို့ဆောင်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ အသုံးပြုသောကားမှာ သူငယ်ချင်းထံမှ ငှားလာခြင်းဖြစ်ကြောင်း သတင်းကဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူ မှတဆင့်ထိုင်းနိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှဝင်ရောက်ခဲ့ပြီး ရာချဘူရီသို့သွားရောက်ရန် ကားစီးလာခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းကား မောင်းနှင်သူနှင့် လိုက်ပါလာသည့် မြန်မာ ၁၂ ဦးအား ဥပဒေအရ အရေးယူရန် ကန်ချနဘူရီရဲစခန်းသို့ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်းဖာဖုမ်မြို့နယ်ရှိတောအုပ်တခုထဲ၌ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၂ ဦးအား နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့သည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၉ ရက်အထိနယ်စပ်မှ ခိုးဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇ဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။

Photo – โจโฉ