စစ်ကိုင်းမြို့ငလျင် ကယ်ဆယ်ရေးလာသူများကို တင်းကြပ်၊ အပျက်အစီးများ အောက်တွင် လူသေဆုံးမှုများ ဆက်ရှိနေ

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့တွင် ထိခိုက်ပျက်စီးကာ လူသေဆုံးမှုများခဲ့သည်။
ယနေ့ ဧပြီလ ၄ ရက်နေ့ ၊ ငလျင်လှုပ်ခတ်ပြီး တစ်ပတ်ပြည့်မြောက်ချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ထိခိုက်ပျက်စီးမှုများ အပြီးသတ်ရှင်းလင်းနိုင်ခြင်းမရှိသေးပဲ အပျက်အစီးများ အောက်တွင် လူသေဆုံးမှုများ ဆက်ရှိနေသည်။

စစ်ကိုင်းမြို့ငလျင် ကယ်ဆယ်ရေး လာရောက်ကူညီသည့် အသင်းအဖွဲ့များကို စစ်ကောင်စီဘက်မှ ဧပြီလ ၃ ရက်နေ့မှစကာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ကယ်ဆယ်ရေးအသင်းအဖွဲ့အချို့ထံမှ သိရသည်။
“ အခုဘယ်လိုဖြစ်လဲဆိုတော့ လှူချင်တိုင်းလဲ လှူမရဘူး စစ်ကိုင်းတံတားမှာ ဝင်ခွင့်မပေးတာများတယ်၊ ကံကောင်းတာက ဖွင့်တဲ့နေ့နဲ့ ကျွန်တော်တို့ တံတားကိုဖြတ်တဲ့နေ့နဲ့ ကွတ်တိကျလို့ သာမဟုတ်ရင်မလွယ်ဘူး” ဟု ပတ္တမြားလူငယ် ဘက်စုံဖွံ့ဖြိုးရေးနှင့် လူမှုကူညီရေးအသင်းဥက္ကဠ ကိုစောသူရအောင်က Migrant Times ကိုပြောသည်။
စစ်ကိုင်းမှတဆင့် မင်းကွင်းဘက်သွားရာလမ်း ငလျင်ပြတ်ရွေ့တစ်လျှောက်တွင်လည်း အိမ်များ၊ ကျောင်းများ၊ သာသနိက အဆောက်အအုံများ ပြိုနေကြပြီး ကယ်ဆယ်ရေးများလုပ်ဆောင်နိုင်ခြင်းမရှိသည်ကို တွေ့ရကြောင်း ဌင်းကဆက်ပြောသည်။
စစ်ကိုင်းမြို့သည် စစ်ကိုင်းပြတ်ရွေ့ငလျင်ကြော ပေါ်တည်ရှိသည့် မြို့ဖြစ်ပြီး မတ်လ ၂၈ ရက်နေ့ အင်အားပြင်းငလျင်ကြောင့် တစ်မြို့လုံး၏ ၈ဝ ရာခိုင်နူန်းနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံအချို့က လူမူကွန်ရက်တွင် ရေးသားကြသည်။
ဌင်းငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းလည်း ကျိုးကျခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့မှဒေသခံများအပါအဝင် ဧပြီလ ၄ ရက်နေ့အထိ သေဆုံးသူ ၃၁၄၅ ဦး၊ ဒဏ်ရာရရှိသူ ၄၅၈၉ ဦးနှင့် ပျောက်ဆုံး ၂၂၁ ဦးရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်း စာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း မတ်လ ၂၈ ရက်နေ့၊ အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူ ၈ သန်း၈ သိန်းကျော် ရှိကြောင်း ဧပြီ ၂ ရက်နေ့ တွင်အစီရင်ခံစာ ထုတ်ပြန်ထားသည်။
– Migrant Times Team
ဓာတ်ပုံ – ဧပြီလ ၄ ရက်နေ့ စစ်ကိုင်းမြို့မြင်ကွင်း။
Photo – ပတ္တမြားလူငယ်ဘက်စုံဖွံ့ဖြိုးရေးနှင့်လူမှုကူညီရေးအသင်း။