မင်းအောင်လှိုင်ကို ဆန္ဒပြသည့် ထိုင်းအဖွဲ့ကို ထိုင်းအမျိုးသားရေး လှုပ်ရှားသူများ တားမြစ်

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပနေသည့် BIMSTEC ထိပ်သီး အစည်းအဝေးတက် ရောက်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြသည့် ထိုင်းအဖွဲ့အား ထိုင်းအမျိုးသားရေး လှုပ်ရှားသူများက ယနေ့ ဧပြီလ ၅ ရက်နေ့တွင် လာရောက် တားမြစ်ခဲ့သည်။

ဘန်ကောက်မြို့ ကုလသမဂ္ဂ UN ရုံးရှေ့၌ ယနေ့ နံနက် ၁၁ နာရီခန့်တွင် တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြနေသည့် ထိုင်း Bright Future အဖွဲ့အား ထိုင်းအမျိုးသားရေးအဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)မှ လာရောက်တားဖြစ်သည့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ထိုင်း သတင်းအချို့တွင်ဖော်ပြသည်။
ထိုင်း Bright Future အဖွဲ့အား ထိုင်းအမျိုးသားရေးလှုပ်ရှားသူများက ဝင်ရောက်ဟန့်တားနေစဉ် ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့သည့် ရုပ်သံဖိုင်လည်း လူမှုကွန်ရက်တွင်တွေ့ရသည်။

Bright Future အဖွဲ့သည် စစ်ခေါင်းဆောင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ထိုင်း The Reporters သတင်းအရ ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းချုပ်ခဲ့ပြီး Bright Future အဖွဲ့ဝင်များအား လုံခြုံသောနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

ယမန်နေ့ ဧပြီ ၄ ရက်နေ့ ညနေကလည်း ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင်ကျင်းပသည့် BIMSTEC အစည်းအဝေး တက်ရောက်နေသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦးက ကန့်ကွက်ဆန္ဒပြခဲ့သည်။

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ကိုရောက်ရှိလာသည့် မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း Milk Tea Alliance Thailand အဖွဲ့ကလည်း ကန့်ကွက်ဆန္ဒပြမှုများ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည်။

ဘန်ကေက်မြို့ ဆန္ဒပြပွဲတွင်ပါဝင်ရန်ရှိသော မြန်မာလူမျိုးများ အနေဖြင့် ဆန္ဒပြပွဲအတွင်းနှင့်ပြီးပြီးနောက်တွင် အမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုနှင့် ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုများ ခံရနိုင်ပြီး ဖမ်းဆီးခံရကာ မြန်မာနိုင်ငံသို့ ပြန်ပေးပို့ခြင်းခံရနိုင်ကြောင်း Milk Tea Alliance Thailand အဖွဲ့ကသတိပေးထားသည်။

Ref – Prachatai / The Reporters
Photo – The Reporters

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်