တရားမဝင် မြန်မာ ၁၉ ဦး ပါသည့် ပစ်ကပ်ကားကို မြစ်ထဲထိုးကျစဉ် ထိုင်းရဲဖမ်းမိ

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်ရှိ အဝေးပြေးလမ်းမတွင် ပစ်ကပ်ကားတစ်စီးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က လိုက်လံဖမ်းစီးစဉ် ကွေး (Kwai Yai) မြစ်အတွင်းထိုးကျပြီး တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦး ကိုဖမ်းမိခဲ့သည်။

ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် ထိုင်းရဲများသည် တရားမဝင် ဝင်ရောက်လာသူများ တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးကို မုန်းခရိုင်၊ လပ်ယားမြို့နယ်ခွဲ၊ ဘန်လပ်ယာလမ်းဆုံမှစ၍ ကွေးမြစ်ကိုဖြတ်ပြီး နောင်ဘွားတံတားအထိ စိတ်လှုပ်ရှားဖွယ် လိုက်လံဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းကဖော်ပြသည်။

ပစ်ကပ်ကား ယာဉ်မောင်းသည် မြစ်ကမ်းပါးတွင် ရေဆေးနေသည့် ကားတစ်စီးကို ဝင်တိုက်မိကာ သူ၏ကားလည်း မြစ်ထဲသို့ ထိုးကျခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းသည် ကားပေါ်မှခုန်ချ၍ မြစ်ကိုကူးကာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ပစ်ကပ်ကား ပေါ်ရှိ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအပါအဝင် မြန်မာနိုင်ငံသား ၁၉ ဦးအား ကယ်ဆယ်ကာ မြို့မရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံသား ၁၉ ဦးအား စစ်ရေးရာ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်ခဲ့ကြသူများဖြစ်သည် ဟုသတင်းကဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ရန်ကုန်မြို့မှဖြစ်ပြီး ကန်ချနဘူရီခရိုင်နယ်စပ်မှတဆင့် လူကုန်ကူးသူများအား တစ်ဦးလျှင် ဘတ်ငွေ ၈၅,ဝဝဝ ပေးကာ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည်ဟု ထိုင်းသတင်းက ဖော်ပြသည်။

မြန်မာနိုင်ငံသား ၁၉ ဦးအား ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ရေကူးလွတ်မြောက်သွားသော ယာဉ်မောင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပေးရန် တောင်းဆိုနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ ညပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖွန်းခရိုင် ၊အဝေးပြေးကားလမ်းပေါ်တွင် အလုံပိတ်ထားသည့် ယာဉ်တစ်စီးပေါ်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၇ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်း Khasod သတင်းကဖော်ပြသည်။

Ref/Photo – Khaosod

Similar Posts