အောက်တိုဘာ ၂၉ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် ၊ မဟာချိုင်မြို့နယ် ဘန်ဘော်(၃)ရပ်ကွက်ရှိ ထိုင်း-တရုတ် ဆောက်လုပ်ရေး အချောထည်ထုတ်သည့် ကုမ္ပဏီတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၂ဝ ဦး၏ လုပ်အားခနှင့်နစ်နာကြေး ဘတ်ငွေ ၅ သိန်းခန့် ပြန်လည်ရရှိခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှထုတ်ပြန်သည်။
၎င်းအလုပ်သမားများသည် ပြီးခဲ့သည့် နှစ်ကစပြီး လုပ်အားခ မမှန်ခြင်းနှင့် လုပ်အားခ အပြည့်အဝမရရှိခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် ယခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် AAC အဖွဲ့ထံ အကူညီတောင်းခဲ့ခြင်းဖြစ်သည်။
“သူတို့အလုပ်ဆိုဒ်နေရာထိသွားပြီးအကျိုးအကြောင်းမေးတယ်။ မလုပ်တော့ဘူးအကုန်လုံးထွက်ကြမယ်ဆိုတော့ နေစရာနေရာမရှိဘူး။ အဲ့တော့ အဲ့ ၁ ရက်နေ့(စက်တင်ဘာလ ၁ ရက်) ညတွင်းချင်း ရုံးကို ပြောင်းကြတယ်။ ပြီးတော့ ၃ ရက်နေ့မှာ ရုံးကိုသွားတိုင်ပေးတယ်” ဟု AAC အဖွဲ့ဝင်တစ်ဦးက Migrant Times ကိုပြောကြားသည်။
အမှုဖွင့်တိုင်ကြားပြီး ရက်ပေါင်း ၅၀ အကြာတွင် အလုပ်ရှင်မှ နယ်မြေခံ အလုပ်သမားအကာအကွယ်ပေးရုံးသို့ လုပ်အားခနှင့်နစ်နာကြေး ဘတ် ၅ သိန်း လာရောက်ပေးခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
AAC မဟာမိတ်အဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိုင်း-မြန်မာနယ်စပ် ၊ ကန်ချနဘူရီခရိုင်တွင် ဖြစ်ပွားခဲ့သည့် ကားငါးစီးဆင့်တိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် မြန်မာများ၏အမှု အပါအဝင် အခြား အမှု (၅) ခု ကိုလက်ခံဆောင်ရွက်ပေးနေကြောင်း အဖွဲ့ဝင်တစ်ဦး ထံမှသိရသည်။
Photo – AAC


